အက်သလက်တီကိုမက်ဒရစ်အသင်းကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ မန်ယူအသင်း ထွက်ခဲ့ရ

ပရီမီယာလိဂ်ကလပ် မန်ယူအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ စပိန်လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။

မတ် ၁၆ ရက် နံနက်ပိုင်းက မန်ယူအသင်းရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယ အကျော့ပွဲစဉ်မှာ အက်သလက်တီကို မက်ဒရစ်အသင်းက တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ မန်ယူအသင်းဟာ ပထမပိုင်းပွဲကစားချိန် ၄၁ မိနစ်မှာ အက်သလက်တီ ကိုမက်ဒရစ် ကစားသမား လိုဒီဒေါဆန်းတို့စ်ရဲ့ သွင်းဂိုးကို ခွင့်ပြုပေးလိုက်ရပြီး ဒုတိယပိုင်းမှာ ချေပဂိုးပြန်လည် ရရှိမယ့် အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် အက်သလက်တီကိုမက်ဒရစ်ဂိုးသမား ဂျန်အောဘလက်ရဲ့ ဂိုးပေါက်ကာကွယ်နိုင်မှုတွေကြောင့် အိမ်ကွင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အိမ်ကွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ တစ်ဖက်-တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် အက်သလက်တီကိုမက်ဒရစ်အသင်းက မန်ယူအသင်းကို နှစ်ကျော့ပေါင်းရလဒ် နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်လှမ်းခွင့်ရရှိခဲ့ပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ စပါးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ် အဆင့် (၄) စာရင်းဝင်ခဲ့တာကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာတက်ကြွမှုတွေရှိခဲ့ပေမယ့် အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မကစားမီ ပရီမီယာလိဂ်အဆင့် (၄) နေရာကနေ ဆင်းပေးခဲ့ရပါ တယ်။

ယခုတစ်ဖန် အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခဲ့ရတာကြောင့် မန်ယူအသင်းဟာ လာမယ့်ဘောလုံးရာသီ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာရရှိရေးအတွက် လက်ကျန်ပရီမီယာလိဂ်ပွဲစဉ်တွေမှာ ရုန်းကန်ရဦးမှာလည်း ဖြစ်ပါတယ်။

ငွေကြယ်