အက်ရှင်ဇာတ်ကားများ နည်းပါးလာသည့် မြန်မာရုပ်ရှင်လောကအတွက် "မျက်နှာပြင်များ" ဇာတ်ကားမှ အထောက်အပံ့တစ်ခု ဖြစ်နိုင်ဟုဆို

ရန်ကုန် ၈ ဖေဖော်ဝါရီ

 

မြန်မာ ရုပ်ရှင်လောကတွင် ရိုက်ကူးမှု နည်းပါးလွန်းသော အက်ရှင် ဇာတ်ကားများကို ရိုက်ကူးလျှက်ရှိသည့် Bonanza     Production နှင့် Shutter Production တို့ပူးပေါင်းကာ အက်ရှင်ဇာတ်လမ်းပုံစံကို ဒါရိုက်တာ ဉာဏ်ထင် ပုံဖော်ထားသည့် ‘Dimensions - မျက်နှာပြင်များ’ ရုပ်ရှင်ဇာတ် ကားကြီးကို ယခုလ (၉) ရက်မှ စတင်ကာ ရုံတင်ပြသလျှက်ရှိကြောင်း သိရသည်။

 

'' မင်းသားက သူကိုယ့်သူ လူသတ်သမားပါဆိုပြီး ရဲစခန်းကို လာရောက် အဖမ်းခံတဲ့သူတစ်ယောက်၊ ဒါပေမယ့် သူသတ်လိုက်တဲ့ သူတွေကိုလည်း ပြန်မမှတ်မိဘူး။ သူဟာ အတိတ်မေ့ဝေဒနာသည် တစ်ယောက်လား၊ ဘာကြောင့်လူတွေ သတ်သလဲပေါ့။ စိတ်ဝင်စားစရာကောင်းအောင် လျှို့ဝှက်မှုတွေနဲ့ ဘာဖြစ်လာမှာလဲ ဆိုတာကို ခန့်မှန်းလို့ မရနိုင်လောက်အောင် ဆွဲဆောင်မှုရှိရှိနဲ့ ဆွဲခေါ်သွားတာကလည်း ဇာတ်ရဲ့ ဖန်တီးမှု တစ်ခုပါပဲ''ဟု ဒါရိုက်တာ ဉာဏ်ထင်က ပြောသည်။

 

အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးတွင် ဇာတ်လမ်း၊ ဇာတ်ညွှန်းနှင့်  ဒါရိုက်တာ ဉာဏ်ထင် ရိုက်ကူးပြီး သရုပ်ဆောင်များအဖြစ် ခါရာ၊ အဲလစ်အုန်း၊ ဂျာဆိုင်းအိန်၊ မင်းမြတ်စိုးစံ၊ ဦးဝင်းမြိုင်၊ ကောင်းစစ်သွေး၊ ဆုရွှေရည်ထူး၊ သီဟ၊ ဟန်ထူးနိုင်၊ ရဲမွန်  စသည့်တို့က ပါဝင်သရုပ်ဆောင်ထားကြသည်။

 

၎င်း ဇာတ်ကားရိုက်ကူးနိုင်ရန်အတွက် Pre Production ပိုင်းအနေဖြင့် ၆ လကျော၊် ရိုက်ကူး ချိန်မှု ၃ လခန့် ကြာမြင့်ကာ Editing ၊ Color Grading ၊ Music Composing နှင့် Sound Design စသည့် Production ပိုင်းကိုလည်း အချိန်တစ်နှစ်ကြာ အသေးစိတ်ပြင်ဆင်ခဲ့ကြောင်း သိရသည်။

 

''မြန်မာပြည်မှာက ရုပ်ရှင်ဈေးကွက်မှာ ဒရာမာတွေ၊ ဟာသရိုက်ကူးမှုတွေလည်းများတော့ အက်ရှင်က သိပ်မရှိဘူး ထင်တယ်။ သိပ်လည်းမတွေ့ရတော့ အက်ရှင်လေး ဖန်တီးဖြစ်ပါတယ်။ မြန်မာပြည်က လူငယ်တွေလည်း အခုလို အက်ရှင်ဇာတ်ကို ဖန်တီးနိုင်တယ်ဆိုတာ သိစေချင်တယ်။ ဒီဇာတ်ကား တစ်ကားလုံးက မြန်မာပြည်က လူငယ်တွေပဲ တစ်ကားလုံး ဖန်တီးထားတာလို့ အဓိကပြောချင်ပါ တယ်'' ဟု  Bonanza Production မှ မနိုရာကိုကပြောသည်။

 

ကိုလင်း