အက်ဖ်အေဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲသို့ ချယ်လ်ဆီးအသင်း သုံးနှစ်ဆက်တိုက်တက်လှမ်း

ချယ်လ်ဆီးအသင်းနဲ့ ခရစ္စတယ်ပဲလေ့အသင်းတို့ ဧပြီ ၁၇ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ ခရစ္စတယ်ပဲလေ့အသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် အက်ဖ်အေဖလားနောက်ဆုံးဗိုလ်လုပွဲသို့ သုံးနှစ်ဆက်တိုက် တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

အနိုင်ရရှိခဲ့

ချယ်လ်ဆီးအသင်းနဲ့ ခရစ္စတယ်ပဲလေ့အသင်းတို့ ပွဲစဉ်မှာ ပထမပိုင်းပွဲကစားချိန်အတွင်း ဘယ်အသင်း ကမှ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းပွဲကစားချိန် ၆၅ မိနစ်မှာ သွင်းယူခဲ့တဲ့ လော့တက်စ်ရဲ့ သွင်းဂိုးနဲ့ ၇၆ မိနစ်မှာ သွင်းယူခဲ့တဲ့ မာဆင်မောင့်ရဲ့ သွင်းဂိုးတွေရရှိခဲ့တာကြောင့် ချယ်လ်ဆီးအသင်းက အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ အက်ဖ်အေဖလား နောက်ဆုံးဗိုလ်လုပွဲနှစ်ကြိမ်မှာ အာဆင်နယ် အသင်းကို တစ်ကြိမ်နဲ့ လက်စတာစီးတီးအသင်းကို တစ်ကြိမ်ရှုံးနိမ့်ကာ အက်ဖ်အေဖလားချန်ပီယံဖြစ် မယ့်အခွင့်အရေးနဲ့ လွဲခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်မှာ နောက်ဆုံးဗိုလ်လုပွဲကို တက်လှမ်းခွင့်ရရှိခဲ့ပြီ ဖြစ်တာကြောင့် အက်ဖ်အေဖလားချန်ပီယံဖြစ်လာမယ့် အခွင့်အရေးအတွက် မျှော်လင့်ထားတာလည်း ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းနဲ့ လီဗာပူးအသင်းတို့ဟာ ယခုနှစ်ဘောလုံးရာသီအတွင်းမှာ ကာရာဘောင်ဖလား ပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲမှာလည်း ထိပ်တိုက်တွေ့ဆုံမှုရှိခဲ့ပြီး အဲဒီနောက်ဆုံး ဗိုလ်လုပွဲစဉ်မှာ သာမန်ပွဲကစားချိန်နဲ့ အချိန်ပိုမိနစ်အတွင်း ပြတ်သားတဲ့ရလဒ် မထွက်ပေါ်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူရာမှာတော့ လီဗာပူးအသင်းက ချယ်လ်ဆီးအသင်းကို ၁၁ ဂိုး-၁၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

နည်းပြတူချယ်ရဲ့ ချယ်လ်ဆီးအသင်းဟာ ခရစ္စတယ်ပဲလေ့အသင်းကို အနိုင်ရရှိကာ အက်ဖ်အေဖလား နောက်ဆုံး ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်တာကြောင့် နောက်ဆုံးဗိုလ်လုပွဲစဉ်မှာ နည်းပြ ကလော့ရဲ့ လီဗာပူးအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

အခုလိုပြည်တွင်းဖလားနှစ်လုံးဖြစ်တဲ့ အက်ဖ်ဖလားနဲ့ ကာရာဘောင်ဖလားပြိုင်ပွဲဗိုလ်လုပွဲတွေမှာ တူညီတဲ့အသင်းနှစ်သင်း ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းဟာ ၁၉၉၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ၁၉၉၃ ခုနှစ်အတွင်းက အာဆင်နယ်အသင်းနဲ့ ရှက်ဖီးလ် ဝက်နက်စ်ဒေးအသင်းတို့ဟာလည်း ပြိုင်ပွဲနှစ်ခု စလုံးရဲ့ ဗိုလ်လုပွဲအဆင့်မှာ ထိပ်တိုက်ဆုံတွေ့ခဲ့ဖူးတာလည်း ဖြစ်ပါတယ်။

ငွေကြယ်