အက်ဖ်အေဖလား ကွာတားဖိုင်နယ် နော်တင်ဟမ်ကို အနိုင်ရရှိပြီး လီဗာပူး ဆီမီးဖိုင်နယ် တက်လှမ်း

အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်မှ နော်တင်ဟမ်အသင်းနှင့် လီဗာပူးအသင်းတို့ ပွဲစဉ်ကို မတ် ၂၁ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ လီဗာပူးအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ် သို့ တက်လှမ်းနိုင်ခဲ့သည်။

နော်တင်ဟမ်အသင်းသည် အက်ဖ်အေဖလား ပဉ္စမအဆင့်တွင် ဟက်ဒါဖီးလ်အသင်းကို အနိုင်ရရှိသည့် ပွဲစဉ်မှ ကစားသမားစာရင်းအား လေးဦး အပြောင်းအလဲပြုလုပ်လာသလို လီဗာပူးအသင်းက နော့ဝှစ်ခ်ျ အသင်းအား အနိုင်ရရှိသည့် ပွဲစဉ်မှ ကစားသမားစာရင်းကို ငါးဦးအပြောင်းအလဲ ပြုလုပ်လာခဲ့သည်။

လီဗာပူးအသင်းသည် နော်တင်ဟမ်အသင်းကို ပွဲချိန်တစ်လျှောက် ဖိအားပေးကစားနိုင်ခဲ့သော်လည်း အသင်း တိုက်စစ်ကစားသမားများ အဆုံးသတ်လိုအပ်ချက်ရှိနေသည့်အတွက် သွင်းဂိုးရရှိရန် ရုန်းကန် ခဲ့ရသည်။ လီဗာပူးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၇၈ မိနစ် တွင် ဆီမီကပ်စ်၏ ဖန်တီးမှုမှ တာက သွင်းယူပေးနိုင်ခဲ့သည်။

ယခုပွဲစဉ်တွင် အနိုင်ရရှိခဲ့သော လီဗာပူးအသင်းသည် အက်ဖ်အေဖလားဆီမီးဖိုင်နယ်တွင် ဆောက်သမ်တန်ကို ဂိုးပြတ်အနိုင်ရရှိခဲ့သည့် မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အောင်ဇော်