အကျဉ်းထောင်အတွင်း ပေးသွင်းခြင်း မပြုလုပ်ရန် တားမြစ်ပစ္စည်းဖြစ်သည့်  ဖုန်းဟန်းဆက် သွင်းယူသူများအား အရေးယူဆောင်ရွက်

ရွှေဘို   ၁၀  မေ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၌ မေ ၈ ရက်   ညနေ ၄ နာရီခွဲက ရွှေဘိုအကျဉ်း ထောင်အတွင်းအကျဉ်းသားများ ဆူပူမှုဖြစ်ပွားခဲ့ပုံများနှင့် ပစ်ခတ်မှုကြောင့် အကျဉ်းသား ထိခိုက်သေဆုံးမှုအပေါ် အကျဉ်းသားတစ်ဦးက လူမှုကွန်ရက်ပေါ်တွင် Live လွှင့်တင်ခဲ့မှုနှင့် ပတ်သက်၍ အကျဉ်းဦးစီးဌာန ရွှေဘိုအကျဉ်းထောင် အိပ်ဆောင် (၃) ကို   မေ ၉ ရက်တွင် အကျဉ်းဦးစီးဌာန ဝန်ထမ်းများက  အထူးရှာဖွေရေးဆောင်ရွက်ခဲ့ရာ  အိပ်ဆောင် (၃) အခန်း (၂) ရှိ  အကျဉ်းသား  ကောင်းခန့်ကိုကို (ခ) ကြယ်စင်ထွန်း (ခ) ကောင်းခန့်သူထံမှ  ဖုန်းဆင်းကတ် နှင့်  Vivo အမှတ်တံဆိပ်ပါ   ဟန်းဆက် အမျိုးအစား ဖုန်းတစ်လုံးကို  ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း  အကျဉ်းဦးစီးဌာန  ရွှေဘိုအကျဉ်းထောင် တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး  ဦးဇော်ထွန်း က ပြောကြားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍  အကျဉ်းသား ကောင်းခန့်ကိုကို (ခ) ကြယ်စင်ထွန်း (ခ) ကောင်းခန့်သူအား  စစ်ဆေးရာမှ  အကျဉ်းထောင်တပ်သား မိုးကျော်ဇင်အောင် က  ပေးသွင်းခဲ့၍ ရရှိခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း၊  သို့ဖြစ်၍  အကျဉ်းထောင်အတွင်းသို့   ပေးသွင်းခြင်း မပြုလုပ်ရန် တားမြစ်ပိတ်ပင်ထားသော လက်ကိုင်ဖုန်းအား လက်ဝယ်ပိုင်ဆိုင် ထားရှိခဲ့သူများ ဖြစ်ကြသော  အကျဉ်းသား ကောင်းခန့် ကိုကို (ခ) ကြယ်စင်ထွန်း (ခ) ကောင်းခန့်သူ ၊ အာကာဦး ၊  မိုးနိုင်တို့သုံးဦးနှင့်  အကျဉ်းထောင်အတွင်းသို့ လက်ကိုင်ဖုန်းပေးသွင်းသူ  အကျဉ်းထောင်တပ်သား မိုးကျော်ဇင်အောင်တို့အား  အကျဉ်းထောင် အက်ဥပဒေပုဒ်မ - ၄၂  နှင့်အညီ အရေးယူ ပေးပါရန် ရွှေဘိုမြို့မရဲစခန်းသို့ အကြောင်းကြား တိုင်ကြားသဖြင့် ရွှေဘိုမြို့မရဲစခန်းတွင် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း  ရွှေဘိုမြို့မ ရဲစခန်းမှူး  ဒုရဲမှူး သိန်းဆွေတင့်ထံမှ သတင်းရရှိသည်။  

မိုးသောက် ( ရွှေဘို)