အကြမ်းဖက်မှုအန္တရာယ် တားဆီးကာကွယ်

မောင်ကမ္ဘာ

ယနေ့ကမ္ဘာတွင် အကြမ်းဖက်မှုများ တစ်ကျော့ပြန်ခေါင်းထောင်လာသည်။ ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့တွင် ရုရှားနိုင်ငံ မော်စကိုမြို့တော် ဆင်ခြေဖုံးရှိ Crocus City Hall ခန်းမ၌ ပြုလုပ်သည့် ကပွဲကို အကြမ်းဖက်သမားလေးယောက်က သေနတ်နှင့်ပစ်၊ ဓာတ်ဆီဗုံးများနှင့် ဖောက်ခွဲ၍ လူ ၁၄၀ ကျော်သေဆုံးပြီး ၃၀၀ ခန့် ဒဏ်ရာရရှိသွားကြသည်။

အကြမ်းဖက်သမားများနှင့် ဆက်နွှယ်ပတ်သက်သူများကို ရုရှားထောက်လှမ်းရေး (FSB) က ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ဖမ်းဆီးရမိသူ အကြမ်းဖက်သမားလေးယောက်သည် တာဂျစ်ကစ္စတန်နိုင်ငံသားလူငယ်များဖြစ်ကြပြီး အာဖဂန်နစ္စတန်အခြေစိုက် ISIS-K အကြမ်းဖက်အဖွဲ့က ၎င်းတို့လက်ချက်ဖြစ်ကြောင်းထုတ်ဖော်ကြေညာခဲ့သည်။ ဖမ်းဆီးရမိသူများထံမှ ရရှိသတင်းအရ အဆိုပါတရားခံများသည် IS ကဲ့သို့ ဘာသာရေးအစွန်းရောက်သမားများမဟုတ်ဘဲ ဆင်းရဲ၍ ငွေပေးပြီးအခိုင်းခံရသူများဖြစ်ကြောင်း ရုရှားကဆိုသည်။

၂၀၀၄ ခုနှစ်က ရုရှားနိုင်ငံမြောက်ပိုင်း Ossetia နယ်ရှိ ဘက်စလန်ကျောင်းအား ချေချင်းညာ ခွဲထွက်ရေးအုပ်စုတစ်စု၏ အကြမ်းဖက်အပိုင်စီးနင်းမှုကို ရုရှားအထူးတပ်ဖွဲ့က ဝင်ရောက်ရှင်းလင်းကယ်ထုတ်စဉ်အတွင်း ကလေး၊ လူကြီး ၃၀၀ ကျော် သေဆုံးခဲ့ရသည့်ဖြစ်စဉ်နောက်ပိုင်း ယခုလူရာနှင့်ချီသေဆုံးခဲ့ရသည့် အကြမ်းဖက်မှုတစ်ခုဖြစ်ခဲ့သည်။

သို့ရာတွင် အနောက်မီဒီယာများကမူ ကိုယ့်မဟာမိတ်နိုင်ငံမဟုတ်ဘဲ ပြိုင်ဘက်နိုင်ငံများတွင် ဖြစ်ပွားလေ့ရှိသည့် အကြမ်းဖက်မှုဖြစ်စဉ်များအပေါ် တတ်နိုင်သမျှ ဖုံးဖိ၊ လျှော့ပေါ့ဖော်ပြလေ့ရှိသည့်ထုံးစံအတိုင်း ဖမ်းမိအကြမ်းဖက်သမားလူငယ်များကိုလည်း အပြစ်မဲ့သူများ၊ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ဝန်ခံထွက်ဆိုခဲ့သူများအဖြစ်ပုံဖော်၍ ဖော်ပြခဲ့ကြသည်။

ဧပြီလ ၁၃ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် ဩစတြေးလျနိုင်ငံ၏ အဓိကမြို့ကြီးဖြစ်သည့် ဆစ်ဒနီမြို့ရှိ လူစည်ကားရာ ဈေးဝယ်စင်တာတစ်ခု၌ အမျိုးသားတစ်ဦးက ဓားဖြင့်တိုက်ခိုက်မှု ကျူးလွန်ခဲ့ရာ ခြောက်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြသည်။ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူများထဲတွင် ဒဏ်ရာပြင်းထန်သူများ၊ စိုးရိမ်စရာအခြေအနေရှိသူများအပြင် ကလေးငယ်တစ်ဦးလည်း ပါဝင်သည်။ တစ်ကိုယ်တော်ကျူးလွန်ခဲ့သူ အကြမ်းဖက်သမားကိုမူ ရဲတပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆီးခဲ့သည်။

ဧပြီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနောက်ဘက် ဆိုင်ကယ်ရပ်နားဆောင်၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းနှစ်လုံးပေါက်ကွဲမှုကြောင့် ကလေးငယ်ငါးဦးအပါအဝင် ဒေသခံပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

ဧပြီလ ၁၄ ရက်နေ့သည် မြန်မာတို့၏နှစ်သစ်ကူးကာလ မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အကျနေ့ အခါသမယဖြစ်သည်။ ယခုကဲ့သို့ မြန်မာ့ရိုးရာ အတာသင်္ကြန်ရေသဘင်ပွဲတော်ကို ရိုးရာမပျက်ဆင်နွှဲလေ့ရှိသည့် အပြစ်မဲ့ပြည်သူများနှင့် ကလေးသူငယ်များအား ရည်ရွယ်ချက်ရှိရှိဖြင့် လက်လုပ်မိုင်းများ ဖောက်ခွဲခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခြင်း ဖြစ်ပြီး အဆိုပါအကြမ်းဖက်မှုကို ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာက သတင်း ထုတ်ပြန်ခဲ့သည်။

တစ်ဆက်တည်းမှာပင် အကြမ်းဖက်သမားများသည် ဧပြီလ ၁၄ ရက်နေ့ ညပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့အနောက်ဘက်မှ ပြင်ဦးလွင်မြို့အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ ပြည်သူ့ဆေးရုံရှိ အရိုးကုသဆောင်၊ အောင်မြေဇေယျာဘုန်းကြီးကျောင်း၊ Luxury Hotel၊ ရပ်ကွက်ကြီး (၅)၊ ဗလမင်းထင်ရပ်ကွက်နှင့် စံပယ်ရပ်ကွက်များအတွင်းသို့ ရှော့တိုက်ဒုံးသီးများ ကျရောက်ပေါက်ကွဲခဲ့သည်။

အဆိုပါပေါက်ကွဲမှုကြောင့် အောင်မြေဇေယျာ ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေထိုင်သည့် ရဟန်းနှစ်ပါး ပျံလွန်တော်မူပြီး ပြည်သူနှစ်ဦးသေဆုံးကာ ပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့ကြသည်။ အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိသူထဲတွင် ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသော အသက် ၅ နှစ်နှင့် ၉ နှစ်အရွယ် ကလေးငယ်များအပါအဝင် လူနာနှင့် ဆေးရုံဝန်ထမ်း ၁၁ ဦး ပါဝင်ကြောင်း သိရသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာများနှင့်အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊ ပြည်သူများ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာ ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများသည် မိမိတို့ပင်ပန်းနွမ်းနယ်သမျှကို အတာရေပက်ဖျန်းလန်းဆန်းစေခြင်းဖြင့် နှစ်သစ်ကိုကြိုဆိုရန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုဖြစ်သည့် အမျိုးသားရေးစရိုက်လက္ခဏာများကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည့် ယခုကဲ့သို့ ထူးခြားလေးနက်သောအခါသမယတွင် အကြမ်းဖက်သမားများအနေဖြင့် အရုပ်ဆိုးအကျည်းတန်သော အကြမ်းဖက်လုပ်ရပ်ကို လုပ်ဆောင်လာခြင်းဖြစ်ကြောင်း။

အဆိုပါအကြမ်းဖက်သမားတို့၏ လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရမှုအပေါ် ဝိုင်းဝန်းဆန့်ကျင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာ မြို့ရွာများ အမြန်ဆုံးတည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူတစ်ရပ်လုံးပူးပေါင်းပါဝင်ကာ အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး ၎င်းတို့ပုန်းခိုနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှုသတင်းများရရှိပါက သက်ဆိုင်ရာသို့ သတင်းပေးပို့တိုင်ကြားနိုင်ပါကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ခဲ့သည်။

တစ်ဖန် ဧပြီလ ၁၆ ရက်နေ့ မဟာသင်္ကြန်အတက်နေ့ ညနေပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ပလောက်မြို့ ပြည်သူ့ဆေးရုံအား အကြမ်းဖက်သမားများက Drone ဖြင့် Drop Bomb တစ်လုံး လာရောက်ပစ်ချ တိုက်ခိုက်ခဲ့သဖြင့် ကလေးကုသဆောင်၌ ဆေးရုံတက်ရောက် ကုသနေသည့် ကလေးငယ်တစ်ဦးနှင့် လူနာစောင့်အပြစ်မဲ့ဒေသခံပြည်သူ ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြန်သည်။

ယနေ့ကမ္ဘာတွင် မြန်မာနိုင်ငံသည် အကြမ်းဖက်မှုအန္တရာယ်ကို အများဆုံးရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာသည်။ အတိတ်ကာလတွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုဖြစ်စဉ်များမှာ ရှားရှားပါးပါးမရှိသလောက် နည်းပါးခဲ့ပါသည်။ သို့သော် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံရေး အပြောင်းအလဲကာလနောက်ပိုင်းတွင် မြန်မာနိုင်ငံသည် အကြမ်းဖက်အဖွဲ့ အစည်းများ၊ အကြမ်းဖက်သမားများ၏ စိန်ခေါ်မှုများကို ပိုမိုရင်ဆိုင်ကြုံတွေ့လာခဲ့ရသည်။

သက်ဆိုင်ရာ၏ သတင်းထုတ်ပြန်ချက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှ ၂၀၂၄ ခုနှစ် မတ်လ ၂၆ ရက် နေ့အထိ နိုင်ငံတစ်ဝန်းတွင် NUG ၊ PDF တို့၏ အကြမ်းဖက်တိုက် ခိုက်မှုများကြောင့် ရဟန်းသံဃာ ၈၁ ပါး၊ သီလရှင်နှစ်ပါး ပျံလွန်ခဲ့ပြီး အပြစ်မဲ့ပြည်သူ ၅၇၉၁ ဦးနှင့် နိုင်ငံ့ဝန်ထမ်း ၁၉၅၂ ဦးအပါအဝင် စုစုပေါင်း ၇၈၂၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်ဖျက်ဆီးမှုအနေဖြင့် ဆက်သွယ်ရေး၊ လျှပ်စစ်တာဝါတိုင် ၅၆၃ ခု၊ ကျန်းမာရေးအဆောက်အအုံ ၅၅ လုံး၊ ဘာသာရေးအဆောက်အအုံ ၇၇ လုံး၊ လမ်းတံတား/ တိုးဂိတ်အဆောက်အအုံ ၁၅၁၈ ခု၊ စာသင်ကျောင်း/ ပညာရေး C အဆောက်အအုံ ၆၇၇ လုံး၊ လူနေ အဆောက်အအုံ ၁၀၆၉ လုံး၊ ဌာနဆိုင်ရာ အဆောက်အအုံ ၂၇၅၇ လုံး၊ စက်ရုံ/အလုပ်ရုံ ၉၉ လုံး၊ အခြားအဆောက်အအုံ ၄၈၃ လုံး စုစုပေါင်း ၇၂၉၈ လုံးရှိခဲ့ကြောင်း သိရသည်။

လူခြောက်ဦးကိုဓားဖြင့် ထိုးသတ်ခဲ့သော ဆစ်ဒနီမြို့ ဈေးဝယ်စင်တာဖြစ်ရပ်အပေါ် ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီအယ်ဘာနီစ်က “အဆိုပါဖြစ်ရပ်မှာ စကားလုံးဖြင့် ဖော်ပြရန်မလွယ်ကူကြောင်း၊ ယင်းဖြစ်ရပ်မှာ သာမန်အပြစ်မဲ့ဈေးဝယ်သူများကို ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့သော ကြောက်မက်ဖွယ် အကြမ်းဖက်တိုက်ခိုက်မှု”ဟု ပြောကြားခဲ့သော်လည်း နှစ်နှစ်ကျော် သုံးနှစ်ကာလအတွင်း ရဟန်းသံဃာနှင့် သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအပါအဝင် စုစုပေါင်း ၇၈၂၆ ဦး သေဆုံး သွားခဲ့ရသည့် မြန်မာနိုင်ငံမှ အကြမ်းဖက်မှုဖြစ်စဉ်များအတွက်မူ ကမ္ဘာကြီးသည် လျစ်လျူရှုနှုတ်ဆိတ်နေခဲ့သည်။

အထူးသဖြင့် အမေရိကန်အပါအဝင် အနောက်နိုင်ငံအချို့သည် မြန်မာနိုင်ငံ ဒေသအချို့တွင် ဖြစ်ပွားနေသော အကြမ်းဖက်လုပ်ရပ်များကို အကြမ်းဖက်လုပ်ရပ်အဖြစ် မရှုမြင်ခဲ့ကြချေ။ အတိတ်ကာလတွင်လည်း ၎င်းတို့သည် ကိုယ်ကျိုးစီးပွားအပေါ်မူတည်၍ အကြမ်းဖက်အဖွဲ့အစည်းများနှင့် အကြမ်းဖက်သမားတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် လိုတစ်မျိုး၊ မလိုတစ်မျိုး အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုလေ့ရှိကြသည်။

အာဖဂန်နစ္စတန်တွင် ဆိုဗီယက်တို့ကို တိုက်ခိုက်စဉ်က တာလီဘန်နှင့် အယ်လ်ကေဒါအဖွဲ့များကို အမေရိကန်က အာဖဂန်မူဂျာဟစ် (ဘာသာရေး စစ်သည်များ) ဟုခေါ်ဝေါ်သုံးနှုန်းခဲ့ပြီး ထောက်ခံအားပေးခဲ့ကြသည်။ အာဖဂန်တွင် ဆိုဗီယက်များထွက်ခွာပြီး နောက်ပိုင်း အိုစမာဘင်လာဒင်က ၉/၁၁ တိုက်ခိုက်မှုအပါအဝင် အမေရိကန်၏အကျိုးစီးပွားများကို တိုက်ခိုက်လာသည့်အခါတွင်မူ Terrorism ဟု ဆိုပြန်သည်။ ထို့ကြောင့် Terrorism အကြောင်းကို လေ့လာသူ စာရေးဆရာတစ်ဦးက Terrorist ဆိုသည်မှာ ကြည့်သောသူအပေါ် မူတည်သည်ဟု ဆိုခဲ့ခြင်းဖြစ်မည်။

ကမ္ဘာ့နိုင်ငံများက သတ်မှတ်ထား

မည်သို့ဆိုစေ နိုင်ငံရေးကြောင့်လည်းကောင်း၊ ဘာသာရေးကြောင့်လည်းကောင်း၊ လူမျိုးရေးကြောင့်လည်းကောင်း၊ သဘောတရားရေးကြောင့်လည်းကောင်း အပြစ်မဲ့ပြည်သူလူထုကို ပစ်မှတ်ထားပြီး ကြောက်လန့်စေရန်၊ ချောက်ချားစေရန် ရည်ရွယ်၍ အကြမ်းဖက်နည်းလမ်းဖြင့် ဖန်တီးလုပ်ဆောင်မှုမှန်သမျှကို အကြမ်းဖက်မှုတစ်ရပ်အဖြစ် ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံများက သတ်မှတ်ထားသည်။

၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှအစပြု၍ ၂၀၀၁ ခုနှစ်နောက်ပိုင်း ကမ္ဘာပေါ်တွင် အကြမ်းဖက်မှုဖြစ်စဉ်များ မကြုံစဖူး အများအပြားပေါ်ပေါက်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် လူပေါင်း ၆၀ ခန့်သေဆုံးခဲ့ပြီး ၇၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကြသည့် လန်ဒန်မြို့လယ် မြေအောက်ရထားနှင့် နှစ်ထပ်ဘတ်စ်ကား ဗုံးဖောက်ခွဲမှုဖြစ်စဉ်နှင့် ၂၀၀၈ ခုနှစ် မွမ်ဘိုင်းအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များအပါအဝင် ကမ္ဘာ့အနှံ့အပြားတွင် အကြမ်းဖက်မှုများစွာ ဖြစ်ပွားခဲ့သည်။ အကြမ်းဖက်မှုပြဿနာသည် လူ့အဖွဲ့အစည်းတစ်ခုလုံးကို ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာခဲ့သည်။

ယနေ့ မျက်မှောက်ကာလတွင်လည်း ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခ၊ အစ္စရေး၏ ဂါဇာကမ်းမြောင်ဒေသစစ်ဆင်ရေးနှင့် ယခုလတ်တလော အီရန်-အစ္စရေး ထိပ်တိုက်ရင်ဆိုင်မှုများအပါအဝင် ကမ္ဘာကြီးသည် ဆူပွက်နေသည်။ ထိပ်တိုက်ရင်ဆိုင်မှုများ၊ နာကြည်းမုန်းတီးမှုများ၊ အပြန်အလှန်လက်စားချေတိုက်ခိုက်လိုမှုများနှင့်အတူ ယနေ့ကမ္ဘာတွင် အကြမ်းဖက်မှုများတစ်ကျော့ပြန်ခေါင်းထောင်လာမည့်အခြေအနေဖြစ်လာသည်။

အမေရိကန်အပါအဝင် အနောက်နိုင်ငံအချို့သည် အကြမ်းဖက်လုပ်ရပ်ကို အကြမ်းဖက်လုပ်ရပ်အဖြစ် မရှုမြင်နိုင်သေးသမျှ အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်မှုအန္တရာယ်သည် ယနေ့ကမ္ဘာကို ထပ်မံခြိမ်းခြောက်လာနိုင်သည်။ မည်သည့်နိုင်ငံတွင် ဖြစ်ပွားသည့် မည်သည့်အကြမ်းဖက်မှုလုပ်ရပ်မှန်သမျှကို ပုဂ္ဂလဓိဋ္ဌာန်အားဖြင့်မရှုမြင်ဘဲ ဓမ္မဓိဋ္ဌာန်အားဖြင့် အကြမ်းဖက်မှုကို အကြမ်းဖက်မှုအဖြစ်သာ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ပါမှ အကြမ်းဖက်မှုအန္တရာယ်ကို တားဆီးကာကွယ်နိုင်ပေလိမ့်မည်။

ထို့အတူ မြန်မာပြည်သူများအနေဖြင့်လည်း ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားအရေးကိစ္စတို့နှင့် အကြမ်းဖက်မှုလုပ်ရပ်တို့အပေါ် ကွဲကွဲပြားပြား ရှုမြင်သုံးသပ်ကာ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော်ငြိမ်းချမ်းသာယာဝပြောရေးအတွက် အကြမ်းဖက်မှုလုပ်ရပ်မှန်သမျှကို ဝိုင်းဝန်းဆန့်ကျင်တိုက်ဖျက်ခြင်းဖြင့် အကြမ်းဖက်မှုအန္တရာယ်ကို တားဆီးကာကွယ်ကြရန်လိုကြောင်း တင်ပြလိုက်ရပါသည်။