အခုလို လူငယ်နှင့် စာပေအနုပညာပွဲတော်တွေကို ကျင်းပပေးပြီး လူငယ်တွေအများကြီး လာရောက်လေ့လာမယ်ဆိုရင် အနာဂတ်မှာ ဖြစ်ချင်တဲ့ရည်ရွယ်ချက်တွေ ပေါ်ပေါက်လာမယ်လို့ ကျွန်တော်ကတော့ မြင်မိပါတယ်

အခုလို လူငယ်နှင့် စာပေအနုပညာပွဲတော်တွေကို ကျင်းပပေးပြီး လူငယ်တွေအများကြီး လာရောက်လေ့လာမယ်ဆိုရင် အနာဂတ်မှာ ဖြစ်ချင်တဲ့ရည်ရွယ်ချက်တွေ ပေါ်ပေါက်လာမယ်လို့ ကျွန်တော်ကတော့ မြင်မိပါတယ်

မောင်အောင်ဇော်ထွန်း

 

နိုင်ငံတစ်နိုင်ငံ၏  အနာဂတ်သည်   ယနေ့လူငယ်များ၏ လက်ဝယ်တွင်ရှိသည်။  ယနေ့မျက်မှောက်ခေတ်လူငယ်များ၏ တွေးခေါ်စွမ်းဆောင်နိုင်စွမ်းများကို  အကဲဖြတ်၍လည်း နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကို မှန်းဆနိုင်ကြောင်း အဆိုများလည်း ရှိသည်။ အသိပညာ အတတ်ပညာမြင့်မား၍ ဗလငါးတန်နှင့် ပြည့်စုံသော နိုင်ငံ့သားကောင်း လူငယ်များ ပေါ်ထွန်းလာစေရေအတွက် “ပြည်ထောင်စုအကျိုး သယ်ပိုးဖို့ အသိပညာမြှင့်တင်စို့” ဆောင်ပုဒ်ဖြင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပွဲတော်ကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)တွင် ကျင်းပလျက်ရှိရာ ယနေ့သည် ဒုတိယနေ့ဖြစ်ပြီး ကဏ္ဍအသီးသီးတွင် ပါဝင်သူများနှင့် တွေဆုံမေးမြန်း ထားသည်များကို ပြန်လည် တင်ပြလိုက်ရပါသည်-

 

mdn

 

ဦးခင်မောင်ဝင်း

သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြခန်းတာဝန်ခံ

ဒီပြခန်းမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေနဲ့ လူငယ်နှင့် စာပေအနုပညာပွဲတော်မှာ ပြခန်းငါးခန်းပြသထားပါတယ်။ သစ်တောဦးစီးဌာနအနေနဲ့ ပြခန်းနှစ်ခန်းဖြစ်ပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနနဲ့ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနတို့က တစ်ခန်းနဲ့ သတ္တုရေးရာက နှစ်ခန်းပါဝင်ပြသထားပါတယ်။ ပညာသင်ကြားနေတဲ့ ကလေးငယ်တွေ ဗဟုသုတရအောင် သစ်တောဦးစီးဌာနပြခန်းအနေနဲ့ မြန်မာ့သစ်တောတွေ ရေရှည်ထာဝစဉ်တည်တံ့စေရေးနဲ့ သစ်တောပြုစုထိန်းသိမ်းရေး လုပ်ငန်းတွေ ဆောင်ရွက်မှု၊ သစ်တောတွေ ပျက်စီးရခြင်း အကြောင်းရင်းနဲ့ သစ်တောဦးစီးဌာနက တာဝန်ယူထိန်းသိမ်း ဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းစဉ်တွေကို ပြသထားတာဖြစ်ပါတယ်။ အရေးကြီးတဲ့ ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ မြန်မာ့တောရိုင်း တိရစ္ဆာန်၊ ဒေသရင်းတောရိုင်း တိရစ္ဆာန်တွေရဲ့ သဘောသဘာဝနဲ့ ထိန်းသိမ်းကာကွယ်ရေး အချက်အလက်များကို ပြသထားပါတယ်။ လူငယ်တွေအနေနဲ့ ကျွန်တော်တို့ပြခန်းကို ဝင်ရောက်လေ့လာခြင်းအားဖြင့် သစ်ပင် သစ်တောကို ချစ်ခင်မြတ်နိုးတဲ့စိတ်၊ မြန်မာ့သစ်တောတွေကို ရေရှည်ထာဝစဉ် တည်တံ့အောင် အနာဂတ် မျိုးဆက်တွေအနေနဲ့ သစ်ပင်သစ်တောကို ချစ်ခင်တဲ့ စိတ်မျိုး ရရှိသွားနိုင်မယ်လို့ ယူဆပါတယ်။ ဒါ့ပြင် နိုင်ငံရဲ့ စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုတဲ့ သစ်မျိုးစိတ်တွေကိုလည်း ပြသထားတဲ့အတွက် နိုင်ငံအတွက် အကျိုးရှိစေမယ့် လုပ်ငန်းတွေကို လုပ်ဆောင်မယ်ဆိုတဲ့ ခံယူချက်တွေလည်း ရှိသွားမယ်လို့ ယုံကြည်ပါတယ်။

 

မောင်အောင်ဇော်ထွန်း

တောင်ငူပညာရေးဒီဂရီကောလိပ်

အခုကျင်းပနေတဲ့ လူငယ်နှင့် စာပေအနုပညာပွဲတော်ကို အားကစားသရုပ်ပြအနေနဲ့ လာရတာဖြစ်ပါတယ်။ ကျွန်တော် အနေနဲ့ ဘဝနဲ့ပတ်သက်တဲ့ သုတရသစာပေတွေကို စိတ်ဝင်စားတာဖြစ်တဲ့အတွက် ဒီနေ့မှာ စာအုပ်အရောင်းဆိုင်ကနေ ဒီနေ့အတွက် ရှင်သန်ခြင်းဆိုတဲ့ စာအုပ်တော့ ဝယ်ဖြစ်ခဲ့ပါတယ်။ ပညာအရည်အချင်းနဲ့ အသက်အရွယ်တူညီရင်တောင် စာဖတ်တာနဲ့ မဖတ်တာအများကြီးကွာ ခြားပါတယ်။ လူငယ်ချင်းတူပေမယ့် စာဖတ်တဲ့ လူငယ်က ရှေ့ကို ကြိုမြင်နိုင်တယ်။ စာများများဖတ်စေချင်ပါတယ်။ ကိုယ်တိုင်ဖတ်ဖို့ အဆင်မပြေဘူးဆိုရင်တောင် ကျောင်းစာကြည့်တိုက်ကို သူငယ်ချင်းတွေနဲ့လိုက်သွားပါ။ အဲဒီအခါ ကိုယ်လိုချင်တဲ့ စာအုပ်တွေ့ရင် ဖတ်မိသွားမှာဖြစ်ပါတယ်။ စာဖတ်လို့ရှိရင် အတွေးအမြင်သစ်တွေလည်း တိုးပွားပါတယ်။ ရင့်ကျက်တည်ငြိမ်ပြီး ရှေ့ရေးကိုလည်း မြော်မြင်တတ်လာမှာ ဖြစ်တာမို့ စာဖတ်ဖို့ကိုတော့ အကြံပြုချင်ပါတယ်။ စာဖတ်တာကလည်း အွန်လိုင်းမှာဖတ်တာနဲ့ စာအုပ်နဲ့ ဖတ်တာနဲ့ မတူပါဘူး။ တချို့က အွန်လိုင်းတက်ပြီးဆိုတာနဲ့ စာဖတ်ချင်လို့ တက်ကျ တာနည်းပါတယ်။ စာအုပ်ကျတော့ အဓိကပိုအရေးပါတယ်လို့ ထင်ပါတယ်။ တိတ်ဆိတ်တဲ့နေရာမှာ ဖတ်မယ်ဆိုရင် ပိုပြီးထိရောက်ပါတယ်။ အခုလို လူငယ်နှင့် စာပေအနုပညာပွဲတော်တွေကို ကျင်းပပေးပြီး လူငယ်တွေအများကြီး လာရောက် လေ့လာမယ်ဆိုရင် အနာဂတ်မှာ ဖြစ်ချင်တဲ့ရည်ရွယ်ချက်တွေ ပေါ်ပေါက်လာမယ်လို့ ကျွန်တော်ကတော့ မြင်မိပါတယ်။

 

mdn

ကိုဖုန်းဆက်ပိုင်

ဒုတိယလေယာဉ်မှူးကြီး၊ မြန်မာအမျိုးသား လေကြောင်းလိုင်း

 

မြန်မာအမျိုးသားလေကြောင်း လိုင်းမှာ တာဝန်ထမ်းဆောင်တာ ပုသိမ်မှာဖွင့်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး လေယာဉ်မောင်း သင်တန်းကျောင်းဖြစ်ပါတယ်။ မြို့ပြလေယာဉ်မှူးသင်တန်းကို အရင်တက်ခဲ့ပါတယ်။ ပထမဆုံး PPL လို့ခေါ်တဲ့ Private Pilot Licence ကနေတစ်ဆင့်တက်ပြီး CPL လို့ခေါ်တဲ့ Commercial pilot licence တွေကို အဆင့်ဆင့် အောင်မြင်အောင် ကြိုးစားခဲ့ရပါတယ်။ ပြီးရင် မြေပြင်စာမေးပွဲတွေ၊ လေယာဉ်မောင်းနှင်ပျံသန်းစစ်ဆေးမှုတွေကို အကြိမ်ကြိမ် လုပ်ခဲ့ပြီး နာရီ ၂၀၀ ကျော်တဲ့ အခါမှာ မြန်မာအမျိုးသား လေကြောင်းလိုင်းကို အလုပ်လျှောက်ခဲ့ပြီး ရွေးချယ်ခြင်းခံခဲ့ရတဲ့အတွက် တာဝန်ထမ်းဆောင် နေတာဖြစ်ပါတယ်။ လေကြောင်း ဆိုင်ရာပြခန်းတွေကို ပြတဲ့အခါကျရင် လူငယ်တွေအနေနဲ့ နိုင်ငံ တကာနဲ့ ခေတ်မီတဲ့ လေယာဉ်ကြီးတွေဟာ အခြားနိုင်ငံတွေမှာတင်ရှိတာမဟုတ်ဘဲ မိမိတို့နိုင်ငံမှာလည်း နိုင်ငံတကာနဲ့ ရင်ပေါင်တန်းလို့ရတဲ့ ခေတ်မီတဲ့လေယာဉ်ငယ်တွေ၊ လေယာဉ်ကြီးတွေ အများကြီးရှိပြီး နိုင်ငံတကာထက် အောက်မကျဘူးဆိုတာ သိစေချင်ပါတယ်။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းရုံမက တချို့နေရာတွေမှာဆိုရင် နိုင်ငံတကာထက် သာလွန်နေတာကိုပါ သိစေချင်ပါတယ်။ နိုင်ငံအတွက်လည်း ဂုဏ်ယူစေချင်ပါတယ်။

 

mdn

မောင်ညီညီဇော်

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်

လူငယ်နှင့် စာပေအနုပညာ ပွဲတော်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်တော်ကတော့ အနုပညာအတွက် သရုပ်ပြဖျော်ဖြေပေးခြင်း ပဲဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ မြန်မာ့ရိုးရာရုပ်သေးအကတွေကို တည်တံ့ရာကနေ ဆက်လက်ပြန့်ပွားအောင်၊ လူငယ်တွေ ပိုပြီးသိအောင်ဆိုပြီး လာရောက်ပြီး သရုပ်ပြဖျော်ဖြေ ပေးတာဖြစ်ပါတယ်။ အဓိက ကတော့ ကြိုးဆွဲရုပ်သေးဟာ ကမ္ဘာပေါ်မှာရှိတာ ရုပ်သေးလေးမျိုးရှိတယ်။ ဒီအထဲကမှ မြန်မာ့ကြိုးဆွဲရုပ်သေးကို အခြားနိုင်ငံတွေမှာ သွားရောက်ဖျော်ဖြေတဲ့အခါ စိတ်ဝင်စားခြင်း အများဆုံး ခံရတဲ့အနုပညာရပ်လည်း ဖြစ်ပါတယ်။ အခြားနိုင်ငံတွေနဲ့ မတူတာကတော့ လူပုံသဏ္ဌာန်သရုပ်တူ ကပြနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် တန်ဖိုးမြင့်မားတဲ့ မြန်မာ့ရုပ်သေးကို ဆက်လက်ပြန့်ပွားအောင် လူငယ်တွေ သိစေချင်တဲ့ရည်ရွယ်ချက်နဲ့ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းမြတ်နိုးတတ်လာအောင် ကျွန်တော်တို့ရဲ့ဌာနက အခုလူငယ်နှင့် စာပေအနုပညာပွဲတော်မှာ မြန်မာ့ကြိုးဆွဲ ရုပ်သေးရုပ်တွေနဲ့ ဖျော်ဖြေတင်ဆက်တာလည်း ဖြစ်ပါတယ်။

 

mdn

ဦးဆန်းအောင်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြခန်းတာဝန်ခံ

ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံ သားဦးစီးဌာနပြခန်းမှာ ပြခန်းတာဝန်ခံအနေနဲ့ ဆောင်ရွက် လျက်ရှိပါတယ်။ ဒီကနေ့စတင် ကျင်းပနေပြီဖြစ်တဲ့ လူငယ်နှင့် စာပေအနုပညာပွဲတော်မှာ ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ ပြခန်းကတော့ နိုင်ငံသားဆိုင်ရာဆောင်ရွက်ပေးတဲ့ လုပ်ငန်းစဉ်တွေကို ပြည်သူတွေသိရှိအောင် ဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိ အချိန်မှာ One Stop Service နဲ့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ မြေမျို၍လူမျိုးမပြုတ်၊ လူမျို၍ လူမျိုးပြုတ်မည် ဆိုတဲ့အတိုင်း နိုင်ငံသားစိစစ်တဲ့အခါမှာ တိုင်းရင်း သားနဲ့ဥပဒေအရ နိုင်ငံသား ဆိုပြီးနှစ်မျိုးရှိတဲ့အခါမှာ တိုင်းရင်းသား မဟုတ်သူတွေ ရောက်ရှိနေထိုင်ပြီး ကျွန်တော်တို့ နိုင်ငံသားတွေနဲ့ ထိမ်းမြားလက်ထပ်ပြီး လာရောက်နေထိုင်းသူတွေကိုတော့ ဥပဒေအရနိုင်ငံသားလို့ခေါ်ပါတယ်။ အဲဒီအရာတွေကို ပြည်သူတွေအနေနဲ့ လေ့လာတဲ့အခါမှာ ကျွန်တော်တို့ဆီက တာဝန်ရှိတဲ့ဝန်ထမ်းတွေနဲ့ ဥပဒေအရဆောင်ရွက်တဲ့ အနေအထားတွေကို သိရှိအောင် ပြခန်းမှာ ရှင်းလင်းပြသပေးထားတာဖြစ်ပါတယ်။ ပြခန်းကို လာရောက်ကြည့်ရှုတဲ့ ပြည်သူတွေရော လူငယ်တွေရော ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ နိုင်ငံသားဥပဒေတွေကို လေ့သိရှိမှာဖြစ်သလို သိလိုတဲ့ အချက်အလက်တွေကိုလည်း မေးမြန်းဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ ဒီပြခန်းမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး ချိန်မှစပြီး နိုင်ငံတော်အနေနဲ့ နိုင်ငံသားဆိုင်ရာဥပဒေတွေကို အဆင့်ဆင့်ဆောင်ရွက်တဲ့နေရာမှာ နောက်ဆုံး ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအထိ ကျွန်တော်တို့ဆောင်ရွက်ထားတဲ့ ဥပဒေတွေကို ခင်းကျင်းပြသထားပါတယ်။ ခင်းကျင်း ပြသထားတဲ့အရာတွေကိုလည်း တာဝန်ရှိသူတွေက လာရောက်သူတွေကို ကျွန်တော်တို့ဌာနနဲ့ပတ်သက်ပြီး သိလိုတဲ့ အချက်တွေကို မေးမြန်းရင် အလုံးစုံရှင်းပြပေးလျက်ရှိပါတယ်။ အခုလို ပြခန်းမှာ လာရောက်ကြည့်ရှု လေ့လာသူတွေ အတွက်လည်း နိုင်ငံချစ်စိတ် မျိုးချစ်စိတ်တွေလည်း ရှိလာမယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံသားဆိုင်ရာ ပြခန်းကို ကြည့်ရှုခြင်းအားဖြင့် မွေးရာပါ နိုင်ငံသားဆိုတဲ့ တိုင်းရင်းသားကြီး ရှစ်မျိုးက ပေါက်ဖွားလာတဲ့ နိုင်ငံတော်က အသိအမှတ်ပြုထားတဲ့ နိုင်ငံသားပေါင်း ၁၃၅ မျိုး ကနေ မျိုးဆက်မပြတ် ဖြစ်တည်လာတဲ့ နိုင်ငံသားတွေဆိုရင် မွေးရာပါ နိုင်ငံသားဆိုပြီး ဆောင်ရွက်ပေးတာကို တွေ့ရှိရမှာဖြစ်သလို ကိုယ့်လူမျိုးကို တန်ဖိုးထားချစ်မြတ်နိုးတဲ့ စိတ်ဓာတ်တွေလည်း ဖြစ်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။

 

လူငယ်တို့တွင် တက်ကြွသော အားမာန်ရှိသည်။ သုတ၊ ရသ စာပေတို့နှင့် မပြတ်လေ့လာ ကျွမ်းဝင်သော လူငယ်တို့သည် မလိုလားအပ်သော စွန့်စားမှုများကို ရှောင်ကြဉ်၍ ကောင်းကျိုးဖြစ်စေသောအရာများကိုသာ လုံ့လပြု ကြိုးပမ်းလျက် ရှိကြမည်ဖြစ်သောကြောင့် နိုင်ငံ့သားကောင်း လူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်ကျင်းပသော လူငယ်နှင့် စာပ အနုပညာပွဲတော်တွင် ကဏ္ဍစုံမှ ပါဝင်သူများ၏ စကားသံ များကို တင်ပြအပ်ပါကြောင်း။

 

တွေ့ဆုံမေးမြန်းနှင့် ဓာတ်ပုံ

အလင်းသစ်၊ နေမျိုး