အခုအချိန်မှာတော့ စီးပွားရေး တိုးတက်လာဖို့အတွက် အကောင်းဆုံး အနေအထားမှာ ရှိနေပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်က နှစ်နှစ်နီးပါး အတွင်းမှာ အစိုးရဟာ အသေးစား စီးပွားရေး လုပ်ငန်းတွေ တည်ငြိမ်လာအောင် ဆောင်ရွက်နေတဲ့ အချက်ပါ

နေပြည်တော် ၂၇ ဖေဖော်ဝါရီ

 

အခုအချိန်မှာတော့ စီးပွားရေး တိုးတက်လာဖို့အတွက် အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်က နှစ်နှစ်နီးပါး အတွင်းမှာ အစိုးရဟာ အသေးစား စီးပွားရေး လုပ်ငန်းတွေ တည်ငြိမ်လာအောင် ဆောင်ရွက်နေတဲ့ အချက်ပါလို့ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ တွင် ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု အကူအညီများ ထိရောက်မှုရှိစေရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသော Special Economic Consultant to the State Counsellor Dr Sean Turnell အား တွေ့ဆုံ မေးမြန်းစဉ် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

ဆွေးနွေးပွဲ ကျင်းပခြင်းနှင့် ပတ်သက်ပြီး “ဒီပွဲက မြန်မာနိုင်ငံအတွက် ဘယ်လောက် အရေးပါသလဲ ဆိုတော့ အလွန်ကို အရေးပါပါတယ်။ အားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံဟာ အလှူရှင် တော်တော်များများ ဆီကနေ အကူအညီ အများကြီးရနေတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ဒီအကူအညီတွေ အားလုံး အချိတ်အဆက် ရှိစေဖို့နဲ့ အစိုးရရဲ့ စီးပွားရေးမူဝါဒနဲ့ ကိုက်ညီဖို့ အရေးကြီးပါတယ်။ ဒီပွဲကတော့ အလှူရှင် အဖွဲ့အစည်းတွေ တွေ့ဆုံကြတဲ့ပွဲပါပဲ။ ဒါပေမယ့် အစိုးရ အဖွဲ့က သူတွေအားလုံးနဲ့ စီးပွားရေး အသိုင်းအဝိုင်းက သူတွေအားလုံးဟာ အသုံးစရိတ်နဲ့ ဝင်ငွေမြင့်မားအောင် ဆောင်ရွက်ရာမှာ အစီအစဉ်တွေ အားလုံးကို စီမံချက်တစ်ခု တည်းမှာပေါင်းပြီး ဆောင်ရွက်နိုင်ဖို့ လိုပါတယ်” ဟု ပြောကြားသည်။

 

ဆက်လက်ပြီး Dr Sean Turnell က “ဒီမိုကရေစီ အပြောင်းအလဲကို သွားတဲ့နေရာမှာ စီးပွားရေးနဲ့ ပတ်သက်ပြီး အခက်အခဲတွေ အများကြီး ရှိပါတယ်။ အားလုံး သိကြတဲ့ အတိုင်းပါပဲ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အရင်က တင်းကျပ်လွန်းတဲ့ အနေအထားတို့၊ ငွေမြုပ်နေတာမျိုးတို့၊ ကိုယ်ကျိုးအတွက် ပတ်သက်နေတာမျိုးတွေ စသဖြင့် အမျိုးမျိုး ရှိနေရာကနေ အပြောင်းအလဲ လုပ်နေရတာပါ။ နိုင်ငံရေးအရ အပြောင်းအလဲကလည်း စီးပွားရေးမှာ အပြောင်းအလဲ ဖြစ်စေပါတယ်။ အရင်က လုပ်ပိုင်ခွင့် မရတဲ့သူတွေကို စီးပွားရေး လုပ်ငန်းတွေ လုပ်ခွင့်ပေးတာ၊ စီးပွားရေး လုပ်ငန်းတွေ စတင်ခွင့်ပေးတာ၊ စီးပွားရေး လွတ်လပ်ခွင့်ပေးတာ စတာတွေလို လုပ်ငန်းတွေ အပြိုင်အဆိုင် လုပ်ဖို့ လမ်းဖွင့်ပေးတာမျိုးတွေပေါ့။ ဒါတွေက ဒီမိုကရေစီ နည်းစနစ်မှာ ပါဝင်တဲ့ ကဏ္ဍတချို့ပါ” ဟု ဆက်လက်ပြောကြားသည်။

 

မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေနှင့် ပတ်သက်လို့ မေးမြန်းစဉ် Dr Sean Turnell က “မြန်မာနိုင်ငံရဲ့ စီးပွားရေး အောင်မြင်မှုရှိစေဖို့ အကြံပြုရမယ်ဆိုရင် အဓိက အချက်ကတော့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရာမှာ စီးပွားရေး လွတ်လပ်ခွင့် ရှိဖို့လိုတဲ့ အချက်ပါပဲ။ မြန်မာတွေ အထူးသဖြင့် လူငယ်တွေရဲ့ အရည်အချင်းတွေ၊ စိတ်အား ထက်သန်မှုတွေနဲ့ လုပ်နိုင်စွမ်း တွေကို ကျွန်တော် အမြဲတမ်း သဘောကျပါတယ်။ သူတို့အတွက် အဓိက လိုနေတာကတော့ သူတို့ရဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော် ခွင့်ပြုမယ့် လွတ်လပ်ခွင့်ရှိဖို့ လိုနေတာပါပဲ။ အတိတ်ကာလကို ပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ စည်းမျဉ်းစည်းကမ်းတွေနဲ့ တင်းကျပ်ထားပါတယ်။ စီးပွားရေး မူဝါဒအရ ကျွန်တော်တို့ လုပ်နိုင်မယ့် အရေးကြီးဆုံး အချက်ကတော့ သူတို့တွေ စိတ်ဝင်စားတာကို လုပ်ခွင့်ပေးဖို့၊ သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ခွင့် ပေးဖို့ပါပဲ။ ကန့်သတ်ချက်တွေ ကင်းလွတ်ခွင့်ပေးတာ၊ ဖြေလျှော့ပေးတာမျိုးတွေဟာ အဓိကကျတဲ့ မဟာဗျူဟာတွေ ဖြစ်သလို စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းတွေ ဖွဲ့တာမျိုးလို တခြားဟာတွေလည်း လုပ်ပေးဖို့လိုပါတယ်။ ဒါပေမယ့် ကျွန်တော့်အမြင် အရကတော့ နိုင်ငံတွင်းမှာရှိတဲ့ သူတွေအတွက် စီးပွားရေး လွတ်လပ်ခွင့် ပိုပေးတာဟာ အရေးကြီးဆုံးအချက်လို့ ထင်ပါတယ်။ ဒါမှ စစ်မှန်ပြောင်းလဲမှုမျိုး ဖြစ်လာမှာပါ။

 

မြန်မာနိုင်ငံရဲ့ စီးပွားရေး အလားအလာကတော့ တော်တော်လေး ကောင်းပါတယ်။ အထူးသဖြင့် ကာလလတ်နဲ့ ရေရှည် ကာလတွေ အတွက်မှာပါ။ အခုအချိန်မှာတော့ စီးပွားရေး တိုးတက်လာဖို့အတွက် အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်က နှစ်နှစ်နီးပါး အတွင်းမှာ အစိုးရဟာ အသေးစား စီးပွားရေး လုပ်ငန်းတွေ တည်ငြိမ်လာအောင် ဆောင်ရွက်နေတဲ့ အချက်ပါ။ ချေးငွေပမာဏ၊ ငွေကြေးဖောင်းပွမှု၊ ငွေစက္ကူအသစ် ထပ်ထုတ်တာ စတဲ့ အချက်တွေဟာ အသေးစား စီးပွားရေး လုပ်ငန်းတွေ တည်ငြိမ်မှု ရှိ မရှိပြတဲ့ အဓိက လက္ခဏာတွေပါ။ အခု အဲဒီအချက်တွေ အားလုံး အခြေအနေ ကောင်းနေပါတယ်။ ပြောရမယ်ဆိုရင် တိုးတက်မှု ဖြစ်စေနိုင်မယ့် ပြုပြင်ပြောင်းလဲမှု ဒုတိယလှိုင်းမှာ ပါဝင်နိုင်မယ့် အခွင့်အလမ်းတွေ အခုတွေ့နေရပါတယ်။ ဒါကြောင့် အခုအချိန်မှာ စီးပွားရေး တိုးတက်မှုနှုန်းက အားကောင်းနေတယ်လို့ ပြောရမှာပါ။

 

မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ကြီးကြီးမားမား စတင်ဖို့ အစောက ပြောခဲ့သလိုပါပဲ။ စီးပွားရေး လွတ်လပ်ခွင့် ပိုရှိလာအောင် လုပ်ဖို့လိုပါတယ်။ မလိုအပ်တော့တဲ့ စည်းမျဉ်းတွေကို ဖယ်ရှားပြီး ပြည်သူတွေ သူတို့ရဲ့ စိတ်ကူးတွေကို အကောင်အထည် ဖော်နိုင်ဖို့ စီးပွားရေး လွတ်လပ်ခွင့်ပေးဖို့ လိုပါတယ်”ဟု ဖြေကြားခဲ့သည်။

 

MDN