အခွံမခွာပစ်သင့်တဲ့ အသီးနဲ့ဟင်းချက်သီးနှံ(၆)မျိုး

ရေးသားသူ Yun Sandi Nan Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

သစ်သီးခွဲမယ်၊ ပြင်ဆင်မယ်ဆို အခွံတွေအကုန်ခွာကြတာပဲ။ အခွံတွေဟာ အရသာလည်း သိပ်မရှိဘူး၊ အာဟာရလည်းမဖြစ်နိုင်ဘူး၊ အပိုသက်သက်ပဲလို့ လွှင့်ပစ်ကြတာများပါတယ်။ တကယ်တော့ တချို့အသီးတွေနဲ့ ဟင်းချက်သီးနှံတွေရဲ့ အခွံတွေမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း၊ အမျှင်ဓါတ်နဲ့ သတ္တုဓါတ်တွေက အတွင်းသားမှာထက် ပိုပါနေတတ်ပါတယ်။ အခွံမခွာထားတဲ့ အသီးတွေမှာ အမျှင်ဓါတ် ၃၃ ရာခိုင်နှုန်းအထိ ပိုများနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင် ပစ္စည်းပမာဏဆိုရင် အသားမှာထက် ၃၂၈ ဆအထိ ပိုများနိုင်တယ်လို့တောင် သုတေသီတွေက ဆိုကြပါတယ်။

 

ဒီလိုအာဟာရတွေကို ရနိုင်ဖို့ အခွံပါစားသင့်တဲ့ အသီးတွေအကြောင်း ဆက်ပြောပြမယ်နော် –

 

(၁) ဘယ်ရီသီး၊ ချယ်ရီသီးနဲ့ စပျစ်သီး

 

ဘယ်ရီသီး၊ ချယ်ရီသီးနဲ့ စပျစ်သီးတွေကို မခွာတာကောင်းပါတယ်။ တော်တော်များများက ဒီတိုင်းစားပေမယ့် အခွံခွာစားတတ်သူတွေ ရှိပါသေးတယ်။ အလုံးသေးလေးတွေကို ခွာရတာ လက်ဝင်လို့ဆိုတာထက် သူတို့ရဲ့အခွံမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ အာဟာရဓါတ်တွေ အများကြီး ပါတာကြောင့်ပါ။ စပျစ်သီးအခွံမှာဆို တစ်လုံးစာအခွံဟာ အတွင်းသားထက် ဓါတ်တိုးဆန့်ကျင်ပစ္စည်းပမာဏ အများဆုံးဖြစ်နေတာပါ။

 

(၂) ပန်းသစ်တော်သီး၊ မက်မွန်သီး

 

ပန်းသစ်တော်သီးနဲ့ မက်မွန်သီးတို့မှာ အမျှင်ဓါတ်၊ အာဟာရဓါတ်တွေနဲ့ ဓါတ်တိုး ဆန့်ကျင်ပစ္စည်းတွေ အများကြီးပါတာ ဖြစ်ပါတယ်။ မက်မွန်သီးအခွံကို ခွာထုတ်လိုက်ရင် အသီးရဲ့ဓါတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ၁၃ ရာခိုင်နှုန်းကနေ ၄၈ ရာခိုင်နှုန်းလောက် အထိလျော့သွားစေနိုင်ပါတယ်။

 

(၃) ပန်းသီးနဲ့ တရုတ်ဆီးသီး

 

အထူးသဖြင့် ပန်းသီးကို အခွံမခွာဖို့ အကြံပေးကြတာပါ။ ပန်းသီးအခွံမှာ အမျှင်ဓါတ်၊ ဗီတာမင် စီ၊ ဗီတာမင်အေနဲ့ ဖလေဗာနွိုက် တို့ပါဝင်ပါတယ်။ ဒါပေမယ့် ပန်းသီးဟာစိုက်ခင်းမှာ ပိုးသတ်ဆေး ပိုသုံးရတဲ့ အသီးတစ်မျိုးဖြစ်တာကြောင့် ဝယ်လာပြီးရင်သေချာဆေးကြောဖို့ လိုပါတယ်။

 

(၄) ကီဝီသီး

 

ကီဝီသီးအခွံကို စားလို့ရတယ်လို့ မထင်မိဘူးမလား။ ကီဝီသီးအခွံမှာ ဗီတာမင် စီကြွယ်ဝတဲ့အပြင် သူ့ကိုစားမယ်ဆို အမျှင်ဓါတ်ကို သုံးဆပိုရနိုင်ပါတယ်လို့ သုတေသီတွေကပြောပါတယ်။ အကွင်းလေးတွေ လှီးပြီးစားရင် အတော်ပဲပေါ့။

 

(၅) သခွားသီး

 

သခွားသီးကိုတော့ ခါးမှာစိုးလို့ အခွံခွာစားကြတာများပါတယ်။ ဒါပေမယ့် သခွားသီးခါးတာ အခွံနဲ့မဆိုင်ပါဘူး။ ခါးပြီဆို အသားပါခါးတတ်တာမို့ပါ။ သူ့မှာ ဗီတာမင်ကေ၊ အမျှင်ဓါတ်နဲ့ ပိုတက်စီယမ်တွေ ပါတယ်ဆိုတာလေး သတိရပါ။

 

(၆) ခရမ်းသီး

 

ခရမ်းသီးကိုလည်း အခွံမခွာသင့်ပါဘူးတဲ့။ ခရမ်းသီးအခွံမှာ အမျှင်ဓါတ်၊ ဖလေဗာနွိုက်တွေ၊ မဂ္ဂနီဆီယမ်တွေ ပါဝင်ပါတယ်။ ခရမ်းသီးက သခွားသီးလိုပဲ ရေဓါတ်ပါဝင်မှုလည်းများတယ်၊ ၉၂ ရာခိုင်နှုန်းလောက်က ရေဓါတ်ပါဝင်တာမို့ အခွံမှာ အာဟာရဓါတ်များနေတာ ဖြစ်ပါတယ်။

 

အခွံလေးခွာမှ သန့်တယ်၊ သစ်သီးပြင်ဆင်ရတာ လှတယ်၊ အရသာပိုရှိတယ်(အခွံပါစားမိရင် အရသာပျက်တယ်) လို့တွေးတာလည်း ပါတာပေါ့လေ။ အခွံမှာဖယောင်းလွှာပါတယ်လို့ ပြောကြတဲ့ တချို့ပန်းသီးတွေကတော့ ခြွင်းချက်ပေါ့နော်။ နောက်တစ်ချက် ဓါတုပိုးသတ်ဆေး ဘာညာကြောက်ရင်တော့ သေချာဆေးကြောပါ၊ ရေထဲခဏလောက်စိမ်ရင်စိမ်ထားပါ။

 

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်