အခွင့်အရေးနှင့် တာဝန်ညီမျှလုပ်ကိုင်

၂၆  မတ်

 

“ယခုခေတ်ကြီးမှာဆိုရင် အခွင့်အရေးကို အများကြီးပြောကြတယ်၊ တာဝန်ကို သိပ်မပြောကြဘူး၊ ဒါဟာ ကမ္ဘာမှာဖြစ်နေတဲ့ အခြေအနေ၊ ကျွန်မတို့နိုင်ငံမှာ ထူးထူးခြားခြား အခွင့်အရေးနဲ့ တာဝန်ကို ညီညီမျှမျှထားပြီး လုပ်သွားမယ်ဆိုရင် တခြားနိုင်ငံတွေထက် အများကြီးသာနိုင်ပါတယ်၊ ရုပ်ပိုင်းဆိုင်ရာ မဟုတ်ပေမယ့်လည်း စိတ်ပိုင်းဆိုင်ရာအရ သာနိုင်တယ်၊ စိတ်ပိုင်းဆိုင်ရာအရ သာခြင်းအားဖြင့်လည်း ရုပ်ပိုင်းဆိုင်ရာအရ တိုးတက်မှုတွေနဲ့ ပိုပြီးတော့ တစ်ဆင့်နဲ့တစ်ဆင့် တက်လာအောင်လို့လည်း ကျွန်မတို့ လုပ်နိုင်ပါတယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ၂၀၁၇ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်သည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည့် နိုင်ငံတော်နှင့် နိုင်ငံသားများ တိုးတက်ရေးအတွက် ဖော်ပြပါ လမ်းညွှန်မှာကြားချက်မှာ သိရှိမှတ်သားလိုက်နာအပ်သည့် အချက်ပင်ဖြစ်သည်။ တာဝန်ဆိုသည်မှာ လူတိုင်းလူတိုင်းတွင် ရှိအပ်သည့်တာဝန်များကို ဆိုလိုခြင်းဖြစ်သည်။ ထိုတာဝန်များကို လူတိုင်းလူတိုင်း အနေဖြင့် ကျေပွန်စေရန် အကြံပြုခြင်းဖြစ်သည်။ လောကတွင် ဆိုင်ရာဆိုင်ရာ နယ်ပယ်တို့အလိုက် လိုက်နာကျင့်သုံးအပ်သည့် ကျင့်ဝတ်များ၊ တာဝန်များ ရှိပြီးဖြစ်သည်။ မိဘတို့သည် မိဘတာဝန်၊ သားသမီးတို့သည် သားသမီးတာဝန်၊ ဆရာသမားတို့သည် ဆရာသမားတို့တာဝန်၊ မိတ်ဆွေတို့သည် မိတ်ဆွေ တာဝန်စသည်ဖြင့် ကဏ္ဍအလိုက်တွင် တာဝန်များ အသီးသီး ရှိကြပေသည်။

 

ထိုတာဝန်များကို ကဏ္ဍအလိုက်၊ နယ်ပယ်အလိုက် ကျေပွန်ကြမည်ဆိုလျှင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုအရ ပြည့်စုံမှု မရှိသေးသော်မှ စိတ်ပိုင်းဆိုင်ရာအရ ပြည့်စုံမှုဖြစ်စေပေမည်။ ထိုအခါ နိုင်ငံအတွက် လိုအပ်ချက်များ တဖြည်းဖြည်း ပြည့်စုံလာမည်ဖြစ်သည်။ တာဝန်ကျေပွန်သည့် နိုင်ငံသားများနှင့် တည်ဆောက်ထားသော နိုင်ငံအား မည်သည့်နိုင်ငံမှ ယှဉ်နိုင်စွမ်း ရှိမည်မဟုတ်ချေ။

 

ယခုရုပ်ရှင်ကဏ္ဍတွင် ရုပ်ရှင်လောကသားများအားလုံး ကိုယ်စီတာဝန် ကျေပွန်ကြမည်ဆိုလျှင် ရုပ်ရှင်လောက မြင့်မားရေး၊ ရုပ်ရှင်အဆင့်အတန်း မြှင့်တင်ရေးသည် လိုက်ပါဖြစ်ထွန်းလာမည်မှာ သေချာပါသည်။ အခြား နယ်ပယ်များတွင်လည်း ဤသို့ပင်ဖြစ်သည်။ တာဝန်ဆိုသည်မှာ လူတစ်ဦး၊ အဖွဲ့အစည်းတစ်ခုအတွက် အလွန်အရေးကြီးသည်။ ထိုတာဝန်ကို ကျေပွန်ရေးအတွက် မိမိကိုယ်ကို တန်ဖိုးထားဖို့လိုသည်။ မိမိကိုယ်ကို တန်ဖိုးထားမှ သူတစ်ပါးအပေါ်တွင်လည်း တန်ဖိုးထားတတ်လာမည်။ မိမိတန်ဖိုး မြင့်မားရေးမှာ မိမိကိုယ်တိုင် ကြိုးပမ်းအားထုတ်ရမည် ဖြစ်သည်။

 

မျက်မှောက်ကာလတွင် အခွင့်အရေးများကိုသာ ပြောဆိုခြင်း၊ တောင်းဆိုခြင်းများလှသည်။ ကိုယ်တိုင် တာဝန်ကျေရေးကိုမူ သတိမမူ မိတတ်ကြချေ။ ကိုယ်စီတာဝန်ကျေပွန်ခြင်းမရှိဘဲ အခွင့်အရေးသာ တောင်းဆိုနေလျှင် အောင်မြင်မှုရရှိလိမ့်မည် မဟုတ်ချေ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ကြားသကဲ့သို့ မြန်မာနိုင်ငံတွင် ထူးထူးခြားခြား အခွင့်အရေးနှင့် တာဝန်များကို ညီညီမျှမျှထားပြီး လုပ်ဆောင်သွားမည်ဆိုလျှင် အခြားနိုင်ငံများထက် ပိုမိုသာလွန်နိုင်သည်မှာ သေချာပါသည်။

 

ထို့ကြောင့် မိမိကိုယ်ကို တန်ဖိုးထားခြင်း၊ မိမိပညာကို တန်ဖိုးထားခြင်း၊ မိမိပတ်ဝန်းကျင်ကို တန်ဖိုးထားခြင်း၊ မိမိနိုင်ငံကို တန်ဖိုးထားခြင်းဖြင့် မိမိလူမျိုး၊ မိမိတိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် ညီညီညွတ်ညွတ် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။

 

သို့ဖြစ်ရာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ကြားသကဲ့သို့ ပြည်သူအားလုံးအနေဖြင့် မိမိတို့၏ပတ်ဝန်းကျင်၊ မိမိတို့၏ မိခင်ကြီးသဖွယ်ဖြစ်သည့် မိမိတို့ နိုင်ငံတော်ကို တန်ဖိုးထားကြမည်ဆိုလျှင် မြန်မာနိုင်ငံသည် မည်သည့်စိန်ခေါ်မှုများ မည်သို့ပင်ရင်ဆိုင်ရသည်ဖြစ်စေ၊ မည်သည့် အခက်အခဲကိုမဆို ကျော်လွှားရသည်ဖြစ်စေ အားလုံးညီညီညွတ်ညွတ်ဖြင့် ဇွဲနှင့်သတ္တိနှင့် အမှန်တရားပေါ်တွင် ရပ်တည်ပြီး တိုးတက်နိုင်မည့်၊ အောင်မြင်နိုင်မည့် သန္နိဋ္ဌာန်ချထားနိုင်ရန် လေးစားစွာဖြင့် အကြံပြုအပ်ပါသည်။ ။

 

ကြေးမုံ (အယ်ဒီတာ့အာဘော်)