အချက်အလက်ခိုင်မာမှ အောင်မြင်မှုရ

၂ သြဂုတ်

စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီအစည်းအဝေး (၂/၂၀၁၉) ကို ဇူလိုင်လ ၃၀ ရက်နေ့က နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မိမိနိုင်ငံဖွံ့ဖြိုးရေးအတွက် မူဝါဒများချမှတ်ရာတွင်လည်းကောင်း၊ စီမံကိန်းများ ရေးဆွဲရာတွင်လည်းကောင်း၊ စီမံကိန်းအကောင်အထည်ဖော်ရာ တွင်လည်းကောင်း၊ စီမံကိန်းများအား စောင့်ကြည့်အကဲဖြတ်ရာ တွင်လည်းကောင်း အခြေခံစာရင်းအင်း အချက်အလက်များ ခိုင်မာရေးသည် အရေးကြီးကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့သည်။

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင်လိုအပ်သောမူဝါဒများကို မှန်ကန်စွာချမှတ်နိုင်ရန် အစိုးရအနေဖြင့်တိကျမှန်ကန်သည့် စာရင်းအင်းများ လိုအပ်လျက်ရှိသည်။ ထို့ကြောင့်ယုံကြည်ကိုးစားနိုင်သော ခိုင်မာသည့်စာရင်းအင်းများဖြစ်စေရန်နှင့်အရည်အသွေးပြည့်ဝရန်အတွက် သက်ဆိုင်ရာဒေသအလိုက် ရှေ့နောက်ညီညွတ်မှုရှိပြီး တိကျမှန်ကန်ခိုင်မာသော စာရင်းအင်းများကို အချိန်နှင့်တစ်ပြေးညီ ကောက်ယူရရှိနိုင်ရန် ကြိုးပမ်းအားထုတ်လျက်ရှိသည်။

စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ထိရောက်သည့်အောင်မြင်မှုရှိ၊ မရှိကို ညွှန်းကိန်းများဖြင့် စောင့်ကြည့်အကဲဖြတ်ရန်တိကျသည့်အချက်အလက်စာရင်းဇယားများ လိုအပ်သည်။ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MSDP) (၂၀၁၈-၂၀၃၀) ကို အကောင်အထည်ဖော်နေပြီး တိုးတက်မှု၊ ထိရောက်မှုကို စောင့်ကြည့်အကဲဖြတ်နိုင်ရန်အတွက် အမျိုးသားညွှန်းကိန်း မူဘောင်တစ်ရပ် ဖော်ဆောင်ခဲ့ရာ ယခုအခါပြီးစီးပြီ ဖြစ်သည်။ အဆိုပါ တိကျမှန်ကန်ခိုင်မာသော အမျိုးသားညွှန်းကိန်းအပေါ် မူတည်၍ စီမံကိန်း ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် အောင်မြင်အောင်ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

အမျိုးသားညွှန်းကိန်းများသည် ဖွံ့ဖြိုးတိုးတက်ရေးသာမက မျက်မှောက်ကာလတွင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုများကြောင့် ပိုမိုများပြားလာပြီး ပြင်းထန်လာသော သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ရေးနှင့် လျော့နည်းသက်သာရေးကို ဆောင်ရွက်ရာတွင်တိကျမှန်ကန်သော အချက်အလက်များအပေါ်မူတည်၍ စီမံခန့်ခွဲဆောင်ရွက်နိုင်မည်ဖြစ်သည်။ စီမံခန့်ခွဲသူများအနေဖြင့် ဘေးအန္တရာယ်များ၏ ပြုပြင်ပြောင်းလဲလာသော သဘောသဘာဝများကို မျက်ခြည်မပြတ်လေ့လာ၍ ရင်ဆိုင်တုံ့ပြန်ရေး၊ အရေးပေါ် တုံ့ပြန်ရေး၊ ရေရှည်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စာရင်းအင်း အချက်အလက်များကို ပြည့်စုံမှန်ကန်အောင် ပြုစုထားရန်လိုအပ်သည်။

အလားတူပင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စသည့်နယ်ပယ်ကဏ္ဍအသီးသီးတွင်လည်း မူဝါဒများနှင့်လုပ်ငန်းစဉ်များချမှတ်ရာ တွင်လည်းကောင်း၊ အကောင်အထည်ဖော်ရာ တွင်လည်းကောင်း ထည့်သွင်းစဉ်းစားဆောင်ရွက်ရာ၌ မှန်ကန်တိကျသောအချက်အလက်များဖြင့်လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ တစ်ချိန်သောခေတ်ကာလတစ်ခု၌ စာရင်းအင်းအချက်အလက်များကိုမမှန်မကန်တင်ပြမှုကြောင့် စီမံကိန်းလုပ်ငန်းများကို အောင်မြင်စွာအကောင်အထည်မဖော်နိုင်ဘဲ နိုင်ငံဖွံ့ဖြိုးမှု ကျဆင်းပြီး ပြိုလဲယိုင်ဆင်းသည်အထိဖြစ်ခဲ့ရသည်တို့မှာ သင်ခန်းစာယူစရာများ ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့နောက်ညီညွတ်စွာ လက်တွေ့ကျကျဆောင်ရွက်ရာ၌ စာရင်းအင်းအချက်အလက်များ တိကျမှန်ကန်ခိုင်မာခြင်းသည် အစိုးရနှင့် ပြည်သူအကြား၊ နိုင်ငံတကာအသိုင်း အဝိုင်းများအကြား ယုံကြည်မှု မြင့်မားတိုးတက်စေသည့်အပြင် နိုင်ငံ၏အမျိုးသားအဆင့်အတန်း တိုးတက်မြင့်မားရေးကို ဖော်ညွှန်းနိုင်သော ညွှန်းကိန်းများဖြစ်စေပါသဖြင့် မှန်ကန်သော စာရင်းအင်းအချက်အလက်များ ရရှိရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းလက်တွဲ ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း။

ကြေးမုံ