အချိန်အခါကြည့်ပြီးမှ ကိုယ့်နိုင်ငံအတွက် ရသင့်ရထိုက်တာကို မျှမျှတတ တောင်းဆိုမှဖြစ်မှာ

ဇူလိုင် ၂၆

လာအိုနိုင်ငံတွင် ဇူလိုင် ၂၃ ရက်မှ ၂၆ ရက်ထိ ကျင်းပ သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး နှင့် ဆက်စပ်အစည်း အဝေးများသို့ တက်ရောက်ခဲ့ သည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာသတင်းမီဒီယာများ ဇူလိုင် ၂၆ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီခွဲတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံ ခဲ့ကြသည်။

 

ထိုသို့တွေ့ဆုံစဉ် သတင်းထောက်များ၏ မေးမြန်းချက် များအပေါ် ပြည်ထောင်စုဝန်ကြီး ပြန်လည်ဖြေကြားခဲ့ သည်များကို ရေးသားတင်ပြလိုက်ရပါသည်-

 

အစည်း အဝေးတွေရဲ့ သဘာဝအရ တချို့တွေက တော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ တချို့အစည်း အဝေးတွေက စိတ်ဝင်စားစရာမကောင်းဘူး။ အစည်းအဝေး တက်တဲ့လူတွေရဲ့သဘာဝအရ တချို့တွေက မိန့်ခွန်း ပြောတာအလွန်ရှည်တယ်။ တချို့တွေက တိုတိုနဲ့ လိုရင်းပဲ ပြောတတ်တယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း မတူဘူး။ အစည်းအဝေးတစ်ခုရဲ့ အကြောင်းအရာပေါ် မှာလည်း မူတည်ပါတယ်။ အန်တီကတော့ တိုတိုနဲ့လိုရင်းပဲ ပြောတာ ဝါသနာပါပါတယ်။

 

ဒီအစည်းအဝေးတွေဟာ ကိုယ့်ပြည်သူတွေအတွက် ဘာအကျိုးရှိလဲဆိုတော့က ဒါ အာဆီယံအဖွဲ့အစည်း အတွင်းက နိုင်ငံတစ်ခုအနေနဲ့ရတဲ့ အကျိုးပါ၊ သက်သက်ကြီး သီးခြားရတဲ့အကျိုးမျိုးတော့မဟုတ်ဘူး။ အာဆီယံနိုင်ငံတွေ အချင်းချင်း ပူးပေါင်းဆောင်ရွက်လို့ရ တဲ့ အကျိုးပေါ့။ အဓိကပြောရမယ်ဆိုရင် သင်ခန်းစာ ကတော့ အာဆီယံနိုင်ငံတွေဆိုတာကလည်း အားလုံးညီညီ ညွတ်ညွတ် ရပ်တည်နေရင်၊ ရပ်တည်နိုင်ရင် ပိုပြီးအင်အား ရှိမယ်။ အဲဒီတော့ လုပ်နိုင်အားတက်လာမယ်။ ဒါကတော့ အာဆီယံတင်မဟုတ်ပါဘူး ကိုယ့်နိုင်ငံလည်း ဒီလို ပါပဲ။ နိုင်ငံအတွင်း ညီညွတ်ရင် ကိုယ့်နိုင်ငံပိုပြီးတောင့် တင်းမယ်။ ပိုပြီးထိရောက်မယ်။

 

နိုင်ငံရဲ့အကျိုးကို ဘာလုပ်ခဲ့သလဲဆိုတော့ စောစောက ပြောတဲ့အတိုင်းပဲ ဒီအစည်းအဝေးဟာ လေ့လာတာ၊ နားထောင်တာ ဖြစ်တယ်။ လာပြီးတော့ချက်ချင်း ငါ့နိုင်ငံ အတွက် ဒါလုပ်ပေးလို့ဆိုတာဟာလည်း သင့်တော်တာ မဟုတ်ပါဘူး။ အချိန်အခါကိုကြည့်ပြီးမှ ကိုယ့်နိုင်ငံ အတွက် ရသင့်ရထိုက်တာကို မျှမျှတတ တောင်းဆိုမှ ဖြစ်မှာပါ။

 

ဒီအစည်းအဝေးတွေမှာ စိတ်အဝင်စားဆုံးကတော့ အာဆီယံရဲ့ရပ်တည်ချက်ပါပဲ။ အာဆီယံကနေပြီးတော့ ဘယ်လို သူတို့အဖွဲ့အစည်းတစ်ခုအနေနဲ့ ဘယ်လို ရပ်တည်တယ်။ ဘယ်လို အတိုင်းအတာတစ်ခုအထိ တစ်သံတည်းထွက်သ လဲဆိုတာ အခုမှ အန်တီက လေ့လာ ရတာပေါ့။ အာဆီယံအတွင်းမှာဆိုရင် ဘယ်နိုင်ငံက ဘယ်လိုပုံစံနဲ့ရပ်တည်သလဲဆိုတာ လည်းစိတ်ဝင်စားစရာ ကောင်းပါတယ်။

 

“ဒီလိုအစည်းအဝေးမှာ ကိုယ်နိုင်ငံကို ကိုယ်စားပြုပြီးသွားတဲ့အခါ အားလုံးကို ညီညီမျှမျှ တန်းတူညီတူ မိတ်ဆွေတွေလိုဆက်ဆံရတယ်။ မိတ်ဆွေ တွေလည်းဖြစ်ရမယ်၊ တန်းတူညီမျှမှုလည်းရှိရမယ်၊ ဒါမှအတူတူ ပူးပေါင်းပြီး ဆောင်ရွက်နိုင်မှာ။ ငါကတော့ဗိုလ်လုပ်မယ်ဟေ့လို့ဆိုပြီး တက်လာတဲ့လူတွေက တော့ အဆင်ပြေမယ်လို့ မထင်ပါဘူး။

 

“အခုဒီအစည်းအဝေးနဲ့ပတ်သက်ပြီး ကျေနပ်ပါတယ်။ ဘာကြီးလုပ်မယ်၊ ညာကြီးလုပ်မယ်ဆိုပြီး မျှော်မှန်းပြီးတက်တာမဟုတ်ပါဘူး။ တကယ်တော့သင်ယူ ဖို့တက်တယ်လို့ ပြောရမှာပါ။ ပထမဦးဆုံးအစည်း အဝေးဆိုတာ ကိုယ်က သင်ယူရမှာပါ။ တကယ်ဆိုရင် အန်တီတို့အဖွဲ့က အန်တီ့ကို အများကြီး သင်ပြတယ်။ ဒီသွားရမယ်၊ ဒါလုပ်ရမယ်၊ ဒီလိုလုပ်ရမယ်ဆိုတာသင်ပြပေးတယ်။ နိုင်ငံခြားရေးရုံးကအဖွဲ့တွေက ကျွမ်းကျင် နေပြီလေ။ အန်တီက ကျွမ်းကျင်တာမှ မဟုတ်ဘဲ။ အန်တီက ကိုယ်မကျွမ်းကျင်တာကို သင်ယူဖို့ပဲရှိတာပါ။

 

အားလုံးကအာရုံစိုက်နေတဲ့ တောင်တရုတ်ပင်လယ်ကိစ္စတို့၊ ကိုရီးယား ကျွန်းဆွယ်ကိစ္စတို့ကတော့ အခုလောလော ဆယ်မှာ အများကအာရုံစိုက်နေတဲ့ ကိစ္စဆိုတော့ ဆွေးနွေးတာတွေတော့ ရှိပါတယ်။ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ဆိုတာက တစိုက်မတ်မတ် အာဆီယံကအလေးပေးတဲ့ကိစ္စတွေပါပဲ။

 

မိုင်ဂျာယန်မှာ စတင်နေတဲ့ တိုင်းရင်းသားညီလာခံနဲ့ပတ်သက်လို့ အန်တီ ကတော့ ရိုးရိုးပါပဲ။ တိုင်းရင်းသား တွေညီလာခံလုပ်ရင် ပြည်ထောင်စုညီညွတ်ရေး အတွက်၊ အမျိုးသားရင်ကြားစေ့ရေးအတွက် ဦးတည်တာဖြစ် ပါစေလို့ပဲ ဆုတောင်း ပါတယ်။

 

သတင်းအဖွဲ့