အခြေခံရှမ်းစကားပြောသင်တန်း ကျိုင်းတုံ၌ ဖွင့်

ကျိုင်းတုံ  ၁  မေ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် တိုင်းရင်းသားလူမျိုးစုများနေထိုင်ရာ ဒေသဖြစ်သည်နှင့်အညီ တိုင်းရင်းသား လူမျိုးစုတို့၏ ဘာသာစကားများ တတ်ကျွမ်းထားခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုပိုမိုရရှိစေပြီး၊ တိုင်းရင်းသားစာပေများ၊ရိုးရာယဉ်ကျေးမှု ဓလေ့များ သိရှိစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံ ရှမ်းစကားပြော သင်တန်းဖွင့်ပွဲ ကိုမေ ၁ ရက်၊ ညနေ ၄ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်ပြု လုပ်သည်။

 

ဖွင့်ပွဲတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်က  “တိုင်းရင်းသား လူမျိုးများဖြင့် ထိတွေ့ဆက်ဆံနေရသည့် ဌာနများအနေဖြင့် တာဝန်ကျရာဒေသမှာ တိုင်းရင်းသားလူမျိုးတို့၏ ဘာသာစကားများ တတ်ကျွမ်းထားခြင်းဖြင့် အသိပညာပေးရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေကြောင်း” စသည်ဖြင့် အမှာစကား ပြောကြားသည်။

 

သင်တန်းသို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသူ/ကျောင်းသားများ စုစုပေါင်း(၄၀)ဦး တက်ရောက်သည်။ အဆိုပါ သင်တန်းကို မေ ၁ ရက်မှ မေ ၃၁ ရက်နေ့ထိ နေ့စဉ် ညနေ ၄ နာရီမှ ၆ နာရီထိ သင်တန်းနည်းပြ ဦးစိုင်းဆမ်တစ်က သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ပြည်နယ်ပြန်/ဆက်