အခြေခံပညာသင်ယူပြီးမြောက်မှု လက်မှတ်များအတွက် အနိမ့်ဆုံး စံသတ်မှတ်ချက်များကို သတ်မှတ်နိုင်ရန် အဖွဲ့လေးဖွဲ့ကာ ဆွေးနွေးမှုများကျင်းပ

မန္တလေး  ၉  သြဂုတ်

 

၂၀၂၁ ခုနှစ်တွင် ပြောင်းလဲလာမည့် စနစ်သစ်ပညာရေးအရ လိုအပ်သည့် အခြေခံပညာသင်ယူပြီးမြောက်မှု လက်မှတ်များကိုထုတ်ပေးရာတွင် အနိမ့်ဆုံး စံသတ်မှတ်ချက်ထားရှိရန် တိုင်းဒေသကြီးအဆင့်ဆွေးနွေးပွဲကို သြဂုတ် ၈ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါအစည်းအဝေးပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မိဘအစုအဖွဲ့၊ ခရိုင်၊မြို့နယ်ပညာရေးမှူး အစုအဖွဲ့၊ မြို့နယ်ပညာရေးမှူးများနှင့် ကိုယ်ပိုင်ကျောင်းများအစုအဖွဲ့နှင့် အထက်တန်းကျောင်းအုပ်များနှင့် အထက်တန်းပြ ဆရာမများပါဝင်သော အစုအဖွဲ့လေးဖွဲ့ဖြင့် အဖွဲ့များခွဲကာ နိုင်ငံတော်က သတ်မှတ်ထားသော အနိမ့်ဆုံးစံ သတ်မှတ်ချက်များဖြစ်သည့် ကျောင်းတက်ရာခိုင်နှုန်း ၇၅ ရရှိ ပြည့်မီရန်၊ ပညာသင်နှစ်တစ်နှစ်တွင် စာမေးပွဲ လေးကြိမ်ပြုလုပ်ပြီး အနိမ့်ဆုံး Grade C အဆင့်ရရှိရန်နှင့် Grade C ရရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုသာ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရန် စသည့်အချက်သုံးချက်ကို ဆွေးနွေးအကြံပြုခဲ့ကြသည်။

 

“၂၀၂၁ မှာ ဆယ်တန်းဆိုတဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကတော့ ရှိမှာမဟုတ်တော့ပါဘူး၊ စနစ်ဟောင်းက ပြောင်းလာတဲ့ ကလေးတွေအတွက်  နိုင်ငံတော်က အခွင့်အရေးပေးထားတာပါတယ်၊ Grade C မရတဲ့ ကလေး တွေအတွက် ဘယ်လိုမျိုး Certificate ပေးရမလဲဆိုတာစဉ်းစားပါတယ်၊ အဲဒီ Certificate ပေးရတဲ့ရည်ရွယ် ချက်ကဘာလဲ ၂၀၂၁ မှာ စနစ်သစ်အရ တက္ကသိုလ်ဝင်စာမေးပွဲဆိုတာမရှိတော့ဘဲ ကျောင်းတွေကပေးလိုက်တဲ့ Grade သတ်မှတ်ချက်တွေကို ကြည့်ရှုပြီးတော့ တက္ကသိုလ်တွေက သူတို့ စာမေးပွဲတွေကို ဖြေဆိုခိုင်း မှာဖြစ်ပါတယ်၊ အဲလိုမျိုးတွေကို မမီတဲ့ကလေးတွေအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းတွေ GTI စတာတွေကို တက်ရောက်ဖို့လုပ်ဆောင်နိုင်မှာဖြစ်တယ်၊ အခုက ပညာရေးစနစ်မှာ ဒီဂရီ ကောလိပ်ဖြစ်သွားပြီ၊ လေး နှစ်တက်ရောက်ရတော့မှာဖြစ်တယ်၊ အခုလိုမျိုး အလွှာစုံပါတဲ့ ဆွေးနွေးတင်ပြချက်တွေကို တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က ထပ်မံဖြည့်စွတ်ပြီး ဝန်ကြီးဌာနကို တင်ပြသွားမှာဖြစ်ပါတယ်” ဟု အောင်မြေ သာစံမြို့နယ် ပညာရေးမှူး ဦးအောင်ကျော်မိုးကပြောသည်။

 

အဆိုပါအစုအဖွဲ့ဆွေးနွေးပွဲတွင် ကိုယ်ပိုင်ကျောင်းများအစုအဖွဲ့မှ ဆွေးနွေးတင်ပြချက်များအနေဖြင့် ၎င်းအခြေခံ ပညာသင်ယူပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းသည် တက္ကသိုလ်ကျောင်းသို့ တက်ရောက် ပညာသင်ကြားနိုင်မည့် ကျောင်းသား၊ ကျောင်းသူများနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများသို့ တက်ရောက် လိုသူများအတွက်လည်း ပညာသင်ကြားရေးအတွက် အရည်အချင်းတစ်ခုအနေဖြင့် သတ်မှတ် ပေးခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများအသင်း ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းမော်(CAE) ကပြောသည်။

 

“ဒီစံသတ်မှတ်ချက် ဆွေးနွေးပွဲမှာ ပထမအချက်ဖြစ်တဲ့ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းရှိရမယ်ဆိုတဲ့ ယူဆချက်က တူညီကြပေမယ့် ကျန်းမာရေးကြောင့် မပြည့်မီခဲ့ရင် ၇၀ ရာခိုင်နှုန်းလောက် စဉ်းစားပေးဖို့အကြံပြုထားတယ်၊  နောက်တစ်ချက်က CET စားမေးပွဲနှစ်ကြိမ်၊ နှစ်ဝက်တစ်ကြိမ်နဲ့ နောက်ဆုံးစာမေးပွဲတစ်ကြိမ်ဆိုပြီး လေးကြိမ်စစ်နေတဲ့ စနစ်မှာ CET ကို လေးဆယ်ငါးမိနစ်နဲ့ ၂၅ မှတ်ဖိုး လက်ရှိမှာစစ်ဆေးနေပေမယ့်၊ တချို့က ငါးဆယ်မှတ်ဖိုး စစ်ဆေးသင့်တယ်လို့ အကြံပြုကြသလို နှစ်ဝက်နဲ့ နှစ်ဆုံးစာမေးပွဲကို အမှတ် ၁၀ဝ ဖိုးစစ်ဆေးသင့်တယ်လို့ တင်ပြကြပါတယ်၊ အောက်တိုဘာလမှာ ကျင်းပတဲ့ နှစ်ဝက်စာမေးပွဲမှာ သင်ခန်းအစကနေ ပြန်လှန်စစ်ဆေးပြီးတော့ နောက်ဆုံးစာမေးပွဲကိုတော့ အောက်တိုဘာလ နောက်ပိုင်းက သင်ခန်းစာတွေကိုပဲ စစ်ဆေးပေးဖို့ တင်ပြကြပါတယ်၊ အားလုံးရဲ့စိတ်ထဲမှာ ဒီစံသုံးချက်အပြင် ကလေးတွေရဲ့ ဖွံ့ဖြိုးရေးဆောင်ရွက်ချက်နဲ့ အခြားစာရိတ္တပိုင်း ဆိုင်ရာအချက်တွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်လို့ အကြံပြုခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

 

အခြေခံပညာသင်ယူပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေးအတွက် အနိမ့်ဆုံးစံ သတ်မှတ်ချက် ဆွေးနွေးပွဲတွင် တင်ပြလာသည့် ဆွေးနွေးအကြံပြုချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ဆက်လက် တင်ပြပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(ပညာ) ဒေါ်ခင်ဌေးက ပြောကြားခဲ့သည်။

 

တင်မောင်(မန်းကိုယ်ပွား)