အခြေခံပညာအလယ်တန်းကျောင်းအဖြစ်အဆင့်တိုးဖွင့်လှစ်

သာစည် ၃၀ ဇွန်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် နွားထိုးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အား အခြေခံပညာအလယ်တန်းကျောင်းအဖြစ်အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲကို ဇွန် ၃၀ ရက်နံနက် ၉ နာရီကအဆိုပါကျောင်း၌ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခြေခံပညာ အလယ်တန်းကျောင်း ဆိုင်းဘုတ်အား အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးကျော်သီဟ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစံထွန်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစစ်ငြိမ်းအေး၊ လက်ထောက်မြို့နယ် ပညာရေးမှူးဦမောင်မောင်နှင့် ကျောင်းအကျိုးတော်ဆောင်ဦးအုန်းမြင့်တို့ ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များပက်ဖျန်းပေးကာ အထိမ်းအမှတ် သစ်ပင်ကို စိုက်ပျိုးပေးသည်။

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်နှင့်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တို့က အမှာစကားများပြောကြားပြီးလက်ထောက်မြို့နယ်ပညာရေးမှူးက ပညာရေးပြုပြင်ပြောင်းလဲမှုများကို ရှင်းလင်းပြောကြားသည်။

ထို့နောက်ကျောင်းအုပ်ဆရာမကြီးဒေါ်မေသန္တာဦးကကျောင်း၏လိုအပ်ချက်များကိုရှင်းလင်းတင်ပြပြီးကျောင်းအကျိုးတော်ဆောင်များကကျောင်း၏သမိုင်းကြောင်းများနှင့်ကျေးဇူးတင်စကားတို့ကိုပြောကြားသည်။

အဆိုပါကျောင်းကို ၁၉၄၅ ခုနှစ်ကအခြေခံပညာမူ လတန်းကျောင်း အဖြစ်စတင်ဖွင့်လှစ်ခဲ့ပြီး အဆင့်ဆင့်တိုးမြှင့်လာရာယခုပညာသင်နှစ်တွင်အခြေခံပညာအလယ်တန်းကျောင်းဖြစ်လာကာနွားထိုး၊အင်းကုန်း၊မောင်းတိုင်၊ဉာဏ်ကန်၊ကွမ်းခြံကျေးရွာများနှင့်နွားထိုးဘူတာတို့မှကျောင်းသား/သူ ၁၉၆ ဦး တက်ရောက်ပညာသင်ယူ လျက်ရှိကြောင်း သိရသည်။

ထွန်းထွန်း(ပြန်/ဆက်)