လွိုင်ကော် ၂၂ ဇွန်
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် (Grade-7) သင်ရိုးသစ် မြို့နယ်အဆင့် Face to Face သင်တန်းကို ယနေ့ နံနက် ၉ နာရီက လွိုင်ကော်မြို့နယ်၊ နောင်ယား(က)ရပ်ကွက်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ မင်းရဲကျော်စွာခန်းမ တွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ကယားပြည်နယ် ပညာရေး ညွှန်ကြားရေးမှူး ဦးလူစီးယာနို က သင်တန်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Covid-19 ရောဂါနှင့်ပတ်သက်သည့် လိုက်နာရမည့် စည်းကမ်းများနှင့် လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် ကျောင်းဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ လိုအပ်သည်များရှိပါက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ ပညာရေးကောလိပ်၊ လေ့ကျင့်ရေးကျောင်းနှင့် အခြေခံပညာ အထက်တန်း/ အလယ်တန်း ကျောင်းအုပ်များ တက်ရောက်ခဲ့ကြပြီး ဇွန် ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရက်သတ္တတစ်ပတ် ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)


