အခြေခံပညာအဆင့် သင်ရိုးညွှန်းတမ်း ပြင်ဆင်ရေးဆွဲဆောင်ရွက်ခြင်းဆိုင်ရာ စကားဝိုင်းကျင်းပ အပိုင်း(၂)

အခြေခံပညာအဆင့် သင်ရိုးညွှန်းတမ်း ပြင်ဆင်ရေးဆွဲဆောင်ရွက်ခြင်းဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ အပိုင်း(၁)နှင့် (၂)ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်လတ်ထွန်း၊ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာ အောင်မြင့်ဦး၊ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာပိုးပိုး၊ ရန်ကုန်တက္ကသိုလ် သင်္ချာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာချိုဝင်း၊ အနုပညာ(ပန်းချီ) ဘာသာရပ်သင်ရိုး ညွှန်းတမ်းကော်မတီဥက္ကဋ္ဌ ဦးအောင်စည်သူလှိုင်နှင့် ကာယပညာဘာသာရပ် သင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌ ဒေါ်ခင်မြသက် တို့၏ ပါဝင်ဆွေးနွေးမှုများကို ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး။ ။ သင်ရိုးသစ်နဲ့ KG, G-1, G-2 တွေကို ပြောင်းလဲသင်ကြားပေးနေပြီ ဖြစ်တဲ့အတွက် အဲဒီအတန်းတွေအတွက် ဘာသာရပ်ဖြစ်တဲ့အတွက် အဲဒီအတန်းတွေအတွက် ဘာသာရပ်အသီးသီးရဲ့ ဆောင်ရွက်ထားရှိမှုတွေကိုလည်း သိချင်ပါတယ်။ သင်္ချာဘာသာရပ်နဲ့ပတ်သက်ပြီးတော့ ဆရာကြီး ဒေါက်တာချိုဝင်းအနေနဲ့ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အပိုင်းတွေကိုလည်း ရှင်းပြပေးစေလိုပါတယ်။ 

ဒေါက်တာချိုဝင်း။ ။ အခြေခံပညာမူလတန်းအဆင့် သင်္ချာဘာသာရပ်သင်ရိုးမှာ ကိန်းများ၊ တိုင်းတာမှုများ၊ ဂျီဩမေတြီပုံများနဲ့ သင်္ချာဆိုင်ရာပုံများဆိုတဲ့ နယ်ပယ်လေးခု ပါဝင်မှာဖြစ်ပါတယ်။ ကိန်းများနယ်ပယ်မှာ ကိန်းပြည့်များ၊ နေရာပြကိန်းများ၊ အပိုင်းကိန်းများနဲ့ ဒသမကိန်းများပါဝင်ပြီး အခြေခံလုပ်ထုံး လေးခုဖြစ်တဲ့ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစားတို့နဲ့အတူ ကိန်းဆိုင်ရာ အသိများပါဝင်ပါတယ်။ တိုင်းတာမှုများမှာတော့ အလျား၊ အလေးချိန်တို့ကို မက်ထရစ်ယူနစ်၊ အင်္ဂလိပ်ယူနစ်၊ မြန်မာယူနစ်တို့နဲ့တိုင်းတာတဲ့ တိုင်းတာမှုများ ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ထုထည်၊ ဧရိယာနှင့် အချိန်၊ ထောင့်များရဲ့ တိုင်းတာမှုများလည်း ပါဝင်မှာ ဖြစ်ပါတယ်။

သင်ရိုးနည်းပုံစံအသစ်
ဂျီဩမေတြီပုံမှာတော့ ပြင်ညီပုံများ၊ ခေါက်ချိုးညီခြင်းနဲ့ ထုပုံများပါဝင်မှာ ဖြစ်ပါတယ်။ သရုပ်ဖော်ပုံများမှာတော့ သင်္ချာဆိုင်ရာ အခြေခံပုံများဖြစ်တဲ့ တာလီပုံများ၊ ရုပ်ပုံများနဲ့ဇယားပုံများပါဝင်မှာ ဖြစ်ပါတယ်။ အတန်းတိုင်းမှာတော့ အခြေခံသင်ရိုးကို ၇၀ ရာခိုင်နှုန်း အခြေခံပြီး တော့ ၃၀ ရာခိုင်နှုန်းမှာ ပြောင်းလဲထားတာဖြစ်ပါတယ်။ သို့သော်လည်းပဲ သင်ခန်းစာတိုင်းကို သင်ရိုး နည်းပုံစံအသစ်များနဲ့ ပြုပြင်ပြောင်းလဲထားပါတယ်။ ကျောင်းသား ကျောင်းသူတွေအတွက် လိုက်လျောညီထွေဖြစ်မယ့် သွက်လက်ထက်မြက်လာစေမယ့် သင်ခန်းစာများ၊ ဉာဏ်ရည် ဉာဏ်စွမ်း ထက်မြက်မယ့် သင်ခန်းစာများ ပိုမိုပါဝင်လာမှာ ဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ ကာယပညာနဲ့ ပတ်သက်ပြီးတော့ ဆရာမကြီးအနေနဲ့ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အပိုင်းတွေကိုလည်း ပြောပြပေးပါဦး။ 

ဒေါ်ခင်မြသက်။ ။ မူလတန်းကာယပညာ သင်ရိုးသစ် ဘာသာရပ်မှာတော့ အဓိကသင်ယူမှုနယ်ပယ်ကြီး လေးခု ခွဲခြားထားပါ တယ်။ သီဆိုလှုပ်ရှား ကစားခြင်း၊ ကျန်းမာကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ၊ စုပေါင်းကစားနည်း၊ ယှဉ်ပြိုင်ကစားနည်းတို့ပဲ ဖြစ်ပါတယ်။ မူလတန်းအောက်ဆင့်ဖြစ်တဲ့ Grade-1, Grade-2, Grade-3 မှာတော့ သင်ယူမှုနယ်ပယ်လေးမျိုးနဲ့ သင်ယူပြီးတော့ မူလတန်းအထက်ဆင့်ဖြစ်တဲ့ Grade-3 နဲ့ Grade-4 မှာတော့ သီဆိုလှုပ်ရှားကစားခြင်းကို ချန်လှပ်ထားပြီး သင်ယူမှုနယ်ပယ် သုံးမျိုးနဲ့ ထည့်သွင်းသင်ကြားပို့ချထားပါတယ်။ ကလေးများကို ကာယပညာ သင်ကြားပေးရာမှာ ခံစားမှုဆိုင်ရာ အကျိုးသက်ရောက်မှု၊ လှုပ်ရှားမှုဆိုင်ရာကျွမ်းကျင်မှု၊ သိမှုဆိုင်ရာနားလည်အသုံးချမှုနဲ့ လူမှုရေးဆိုင်ရာနယ်ပယ် စတာတွေကို ရရှိလာအောင် သင်ကြားပေးရမှာ ဖြစ်ပါတယ်။

ဆရာလမ်းညွှန်စာအုပ်မှာတော့ အလေးပေးသင်ကြားရမယ့် သင်ယူမှုနယ်ပယ်ကို စစ်ဆေးအကဲဖြတ်ခြင်းဇယားနဲ့ ဖော်ပြထားပါ တယ်။ မူလတန်းပြီးဆုံးသွားတဲ့အခါ ကလေးများအနေနဲ့ ကိုယ်ကာယလှုပ်ရှားမှုများမှာ ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ပျော်ရွှင်ပြီးတော့မှ မိမိကိုယ်ကိုယုံကြည်မှုရှိလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာကြံ့ခိုင်ရေးနဲ့ ပတ်သက်တဲ့ အခြေခံ ကာယလှုပ်ရှားမှုတွေကို ကျွမ်းကျင်တတ်မြောက်ပြီးတော့ နေ့စဉ်ဘဝမှာ အသုံးချတတ်လာမှာ ဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ အနုပညာ(ပန်းချီ)ဘာသာရပ်နဲ့ ပတ်သက်ပြီးတော့လည်း ဆရာ့အနေနဲ့ ပြင်ဆင်ဆောင်ရွက်ထားမှု အပိုင်းတွေ ကိုလည်း သိချင်ပါတယ်။ 

ဦးအောင်စည်သူလှိုင်။ ။ အနုပညာ(ပန်းချီ)ဘာသာရပ် အနေနဲ့ သင်ရိုးတစ်ခုလုံးကို အစ၊ အဆုံး အသစ်ကပြန်ပြီးတော့ ရေးခဲ့ရတဲ့ အနေအထားပါ။ အဲဒီရေးတဲ့အချိန်မှာ ဖွဲ့စည်းပုံအရ ပန်းချီပိုင်းရယ်၊ လက်မှုပိုင်းရယ်၊ ရသခံစားတန်ဖိုးထားမှုဆိုပြီးတော့ အပိုင်း သုံးပိုင်း ပါဝင်ပါတယ်။ ပန်းချီပိုင်းမှာဆိုရင် ကလေးတွေအတွက် အသက်အရွယ်အလိုက် သူတို့စွမ်းဆောင်နိုင်တဲ့ အနေအထားအပေါ် မူတည်ပြီး သင်ရိုးတွေရေးတယ်။ ပုံဆွဲပညာတိုးတက်လာဖို့တွေ ပြီးတော့ အရောင်ခြယ်တာတွေ၊ ဒီလိုအပိုင်းတွေပါတယ်။

ခံစားမှုတွေ တိုးတက်လာဖို့
လက်မှုပိုင်းမှာကျတော့ ကလေးတွေ အသက်အရွယ်အရ အာရုံဖွံ့ဖြိုးဖို့အတွက် ဥပမာ လက်တွေနဲ့လုပ်တဲ့ လေ့ကျင့်ခန်း တွေဆိုရင် လက်တွေကတစ်ဆင့် အာရုံခံစားမှုတွေ တိုးတက်လာဖို့အတွက် ဦးတည်ပြီးရေးတယ်။ နောက်တစ်ခါ ကျွန်တော် တို့သုံးတဲ့ ပစ္စည်းတွေအနေနဲ့ဆိုရင်လည်း ပတ်ဝန်းကျင်ကို မထိခိုက်ဘဲနဲ့ သစ်ရွက်ခြောက်အကြွေတွေကို ကောက်တာမျိုး၊ အဲဒီလို လေ့ကျင့်ခန်းတွေပါ ထည့်ထားပြီးတော့ သင်ရိုးတွေကို ရေးထားပါတယ်။ နောက်ဆုံးရသခံစား တန်ဖိုးထားမှုမှာ ဆိုရင်တော့ မြန်မာနဲ့ကမ္ဘာက အနုပညာရှင်တွေ၊ ပန်းချီ၊ ပန်းပုအနုပညာရှင်တွေ၊ အနုပညာဝါဒတွေပါ။ ပြောင်းလဲသွားတဲ့ အရာတွေကို သူတို့အသက်အရွယ်အလိုက် နားလည်လာအောင်လို့ သင်ကြားနိုင်အောင် ဖန်တီးရေးဆွဲထားပေးပါတယ်။

အစီအစဉ်မှူး။ ။ ဒီသင်ရိုးသစ်တွေကို နှစ်အလိုက် ဘယ်လိုမျိုး ထည့်သွင်းသွားမလဲဆိုတာလည်း ရှင်းပြပေးပါဦး။ 

ဒေါက်တာဇော်လတ်ထွန်း။ ။ စနစ်သစ်(KG) သင်ရိုးကို တော့ ၂၀၁၆ ခုနှစ် ဇွန်လမှာ အခြေခံပညာကျောင်းတွေမှာ စပြီးတော့ သင်ကြား ပေးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဇွန်လမှာတော့ Grade1 သင်ရိုးသစ် စသင်ပါတယ်။ နောက် ၂၀၁၈ ခုနှစ် Grade2 သင်သွားပါတယ်။ အခုလာမယ့် ၂၀၁၉ ခုနှစ်ဇွန်လမှာတော့ မူလတန်းအတွက် Grade3 နဲ့ အလယ်တန်းအတွက် Grade6 တို့ကို ပြောင်းလဲပြီးတော့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ ဒါဆိုရင် ကျန်တဲ့အတန်းတွေအတွက် ဘယ်လိုစီမံဆောင်ရွက်သွားမလဲဆိုတာ ပြောပြပေးပါဦး။

ဒေါက်တာဇော်လတ်ထွန်း။ ။ ကျန်တဲ့ အတန်းတွေ အတွက်ကတော့ ၂၀၂၀ ပြည့်နှစ် ဇွန်လမှာ Grade-4, Grade-7 နဲ့ Grade-10 နောက်တစ်ခါ ၂၀၂၁ ခုနှစ် ဇွန်လမှာကျတော့ Grade-5, Grade-8  နဲ့ Grade-11 အတန်းတွေရဲ့ သင်ရိုးညွှန်းတမ်းတွေကို ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ နောက်ဆုံးကျန်တဲ့ နှစ်တန်းဖြစ်တဲ့ Grade-9 နဲ့ Grade-12 ကိုတော့ ၂၀၂၂ ခုနှစ် ဇွန်လမှာ ပြောင်းလဲသင်ကြားမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်မှုဟာ အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၁ မှာ ထည့်သွင်းထားတဲ့ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ ဒီလိုမျိုး သင်ရိုးညွှန်းတမ်းတွေကို ပြန်လည်ပြီးတော့ရေးဆွဲတဲ့နေရာမှာ ပညာရေး ဝန်ကြီးဌာနတစ်ခုတည်းကပဲ ဆောင်ရွက်တာလား။ နောက် အခြားပူးပေါင်းပြီးတော့ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေရှိရင်လည်း သိချင်ပါတယ်။

ဒေါက်တာဇော်လတ်ထွန်း။ ။ မူလတန်းအတွက် ဂျပန် နိုင်ငံအစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) ရဲ အခြေခံပညာ မူလတန်းအဆင့် သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲရေး စီမံချက်ကို CREATE လို့ ခေါ်ပါတယ်။ အဲဒီစီမံချက်နဲ့ နည်းပညာပံ့ပိုးမှုတွေကို ဆောင်ရွက်ပေးပါတယ်။ အလယ်တန်းနဲ့ အထက်တန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)ရဲ့ ချေးငွေနဲ့ ဆောင်ရွက်နေတဲ့ လူငယ်များ အလုပ်အကိုင်ရရှိရေးအတွက် လေ့ကျင့်ပြုစုမွေးထုတ်ရေးစီမံကိန်းကို EYE Project လို့လည်း ခေါ်ပါတယ်။ အဲဒီ Project ရဲ့ output(2) တွေဖြစ်တဲ့ အလယ်တန်း၊ အထက်တန်း သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲရေး စီမံချက်အနေနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ ဒါဆိုရင် အလယ်တန်းနဲ့ အထက်တန်းမှာ သင်ကြားရမယ့် ဘာသာရပ်တွေအနေနဲ့ အပြောင်းအလဲတွေ ရှိဦးမှာလားဆိုတာ ပြောပြပေးပါဦး။ 

ဒေါက်တာဇော်လတ်ထွန်း။ ။ သင်ရိုးသစ်ရဲ့အလယ်တန်း ဖြစ်တဲ့ Grade-6 က နေပြီးတော့ Grade-9 အထိမှာတော့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ပထဝီဝင်၊ သမိုင်း၊ စာရိတ္တနဲ့ ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ကာယပညာ၊ အနုပညာ (ပန်းချီ)၊ အနုပညာ(ဂီတ) ပြီးတော့ ဒေသ သင်ရိုးတွေကို သင်ကြားရမှာ ဖြစ်ပါတယ်။ အဲဒီတော့စာသင်ချိန် တစ်ချိန်ကို ၄၅ မိနစ် ရှိပါတယ်။ တစ်နေ့ကိုရှစ်ချိန်၊ တစ်နေ့သင်ချိန် ခြောက်နာရီ ဖြစ်ပါတယ်။ အဲဒီတော့ ဘာသာရပ်အားလုံးအတွက် တစ်နှစ်ကို စာသင်ချိန်နာရီပေါင်း ၁၀၈၀ သင်ကြားပေးသွားမှာပါ။

ဟန်ချက်ညီညီ သင်ကြားနိုင်
အထက်တန်းအတွက်ကိုတော့ Grade-10 နဲ့ Grade-12 မှာ မြန်မာစာ၊ အင်္ဂလိပ်စာနဲ့ သင်္ချာဘာသာရပ်တွေက ကျောင်းသား ကျောင်းသူ အားလုံးသင်ယူရမှာ ဖြစ်ပါတယ်။ ပြီးတော့မှ ကျောင်းသား ကျောင်းသူတွေရဲ့ ဉာဏ်ရည်နဲ့အညီ နိုင်ငံတကာ စနစ်အတိုင်း အခြေခံပညာ ပြီးမြောက်ပြီး တက္ကသိုလ်တွေနဲ့ ချိတ်ဆက်နိုင်ဖို့အတွက် STEM လို့ခေါ်တဲ့ Science, Technology, Engineering နဲ့ Mathematics တွေအတွက် အထောက်အကူပြုမယ့် သိပ္ပံဘာသာရပ်အတွဲတွေ၊ နောက်တစ်ခါ သိပ္ပံနဲ့ ဝိဇ္ဇာ ပူးပေါင်းထားတဲ့ ဘာသာရပ်တွေ၊ ဝိဇ္ဇာသီးသန့်ဘာသာရပ်တွေ စတဲ့ ဘာသာတွဲတွေ ဟန်ချက်ညီညီနဲ့ သင်ကြားလို့ရအောင် စီစဉ်ထားတာ ဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ ဟုတ်ကဲ့ပါ ဆရာကြီး။ ဒီတော့ စစ်ဆေးရေး အကဲဖြတ်မှုအပိုင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြပေးစေလိုပါတယ်။

ဒေါက်တာဇော်လတ်ထွန်း။ ။ စနစ်သစ်သင်ရိုးမှာ KG နဲ့ မူလတန်းအောက်ဆင့်ဖြစ်တဲ့ Grade-1 ၊ Grade-2၊ Grade-3 အတန်း တွေမှာ စာမေးပွဲစစ်ဆေးခြင်း Formal Examination မပြုလုပ်ပါဘူး။ အဲဒီလို မပြုလုပ်ဘဲနဲ့ ကျောင်းသား ကျောင်းသူတွေကို သင်ယူနေတုန်းမှာ အကဲဖြတ်တယ်။ ပညာရေး ဝေါဟာရနဲ့ဆိုရင်တော့ Formative Assessment  လို့ ခေါ်တာပေါ့။ သင်ခန်းစာတွေ ပြီးသွားတဲ့အခါကျတော့ သင်ယူပြီး အကဲဖြတ်ခြင်းလို့ခေါ်တဲ့ Summative Assessment ပေါ့။ အဲဒီ Assessment အကဲဖြတ်မှုတွေကို လုပ်ပါတယ်။

စစ်ဆေးအကဲဖြတ်
အဲဒီလိုလုပ်တဲ့အခါမှာ ကျောင်းသား ကျောင်းသူတွေ တတ်မြောက်မှုကို ဘယ်လိုစစ်ဆေးလဲဆိုတော့ တစ်ဦးချင်း ဘယ်လောက်အထိ လုပ်နိုင်လဲ၊ အတွဲလိုက် ဘယ်လိုလုပ်ကြသလဲ ဆိုတာတွေကို အုပ်စုဖွဲ့ပြီး ဆောင်ရွက်တယ်။ ဒါတွေနဲ့ အကဲဖြတ်ပါတယ်။ ဒါ့အပြင် Project Based  လို့ခေါ်တဲ့ လုပ်ငန်းပေး ဆောင်ရွက်မှုမျိုးတွေနဲ့လည်း ဆောင်ရွက်တာဖြစ်ပါတယ်။ အလယ်တန်း၊ အထက်တန်းမှာတော့ အခြေခံပညာကနေ ချမှတ်ထားတဲ့အတိုင်း အခန်းဆုံးစစ်ဆေးတာ၊ နှစ်ဝက်ဆုံး စစ်ဆေးတာနဲ့ နှစ်ဆုံးစစ်ဆေးတာအပါအဝင် ခုနပြောတဲ့ Formative Assessment  နဲ့ ဒီ Summative Assessment မျိုးတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဝင်ခွင့်လက်မှတ်
အခြေခံပညာမှာ ပြောင်းလဲထားတဲ့ ပုံစံအတိုင်း အမှတ်ပေးစနစ်အစား Grading စနစ်နဲ့ စစ်ဆေးပြီး အတန်းတင်ပေးသွားမှာ ဖြစ်တယ်။ ပြီးတော့ အခြေခံပညာရေးအဆင့်အလိုက် ပြီးမြောက်မှုအဆင့်အတွက်ကိုလည်းပဲ အကဲဖြတ်စစ်ဆေးခြင်းတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီတော့ အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်သွားပြီဆိုရင် အဲဒီအခြေခံပညာ အထက်တန်း အဆင့်ပြီးမြောက်သွားတဲ့ ကျောင်းသား ကျောင်းသူတွေအားလုံးအတွက် အခြေခံပညာ အထက်တန်းအဆင့် ပြီးမြောက်မှုလက်မှတ် Completion Certificate ကို ပေးမှာဖြစ်တယ်။

အဲဒီလက်မှတ်ကို ဘယ်လိုသုံးမလဲ။ အဲဒီလက်မှတ်ဟာ တက္ကသိုလ်ဝင်ခွင့်နဲ့ နည်းပညာနဲ့ သက်မွေးပညာ ဝင်ခွင့်တွေအတွက် ဝန်ကြီးဌာနတွေ (ဒါမှမဟုတ်) တက္ကသိုလ် (ဒါမှမဟုတ်) အဖွဲ့အစည်း အသီးသီးတွေက နေပြီးတော့ သတ်မှတ်ဖြည့်စွက်ထားတဲ့ ဝင်ခွင့်လိုအပ်ချက်တွေနဲ့ ပေါင်းစပ်ပြီးတော့ တက္ကသိုလ်တွေကို လျှောက်ထားတဲ့နေရာမှာ အသုံးပြုနိုင်တယ်။ ဒါ့အပြင် ကျောင်းသား ကျောင်းသူတစ်ဦးချင်းစီရဲ့ အောင်မြင်မှုတွေနဲ့ တတ်ကျွမ်းမှုတွေကို အသိအမှတ်ပြုထားတာဖြစ်တဲ့ အတွက်ကြောင့် ဒါဟာ အသိအမှတ်ပြုမှတ်တမ်းအဖြစ် အထောက်အကူရမယ်။ ဒါ့အပြင် လုပ်ငန်းတွေကလည်း ဒီမှတ်တမ်းကိုကြည့်ပြီး အထောက်အထားပြုပြီးတော့ သူတို့လုပ်ငန်းအတွက် လိုအပ်မယ့် လုပ်သားတွေအဖြစ်၊ ဝန်ထမ်းတွေအဖြစ် ခေါ်ယူပြီးတော့ အသုံးပြုနိုင်တဲ့ Certificate တစ်ခု ဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ ဆရာကြီး ဆရာမကြီးတွေအနေနဲ့ ဖြည့်စွက်ပြီးတော့ ပြောကြားလိုတာတွေရှိရင်လည်း သိချင်ပါတယ်။ ဆရာကြီးဒေါက်တာ အောင်မြင့်ဦးက ပြောပေးပါဦး။ 

ဒေါက်တာအောင်မြင့်ဦး။ ။ မြန်မာစာ မူလတန်းအဆင့်မှာတော့ မြန်မာစာရဲ့ အခြေခံတွေကို ကလေးသူငယ်တွေအားလုံး၊ တိုင်းရင်းသားတွေရော၊ မြန်မာစကားပြောတဲ့ ကလေးသူငယ်တွေရော မြန်မာစာအခြေခံကို ကောင်းကောင်းမွန်မွန် ရရှိသွားဖို့ ရည်မှန်းချက်ထားရှိပါတယ်။ အဲဒီလို သင်ကြားတဲ့အခါမှာလည်း အရင်တုန်းကတော့ ဆရာ ဆရာမကပဲ ဦးဆောင်ပြီး အစ၊ အဆုံး သင်သွားတဲ့ပုံစံမျိုးကနေ အခုကလေးတွေကိုယ်တိုင် များများပြောနိုင်တဲ့၊ များများလက်တွေ့လုပ်နိုင်တဲ့ သင်ခန်းစာမျိုးလေးတွေ အများကြီး ဖြည့်စွက်ထားပါတယ်။ ဖတ်စာအုပ်ထဲမှာတော့ အပြည့်အစုံ မဖော်ပြထားပေမယ့် ဆရာကိုင်မှာ ပြည့်ပြည့်စုံစုံ ဖော်ပြပြီးတော့ ဆရာတွေက ဆရာကိုင်မှာပေးထားတဲ့ လမ်းညွှန်ချက်အတိုင်း ကလေးတွေကို လေ့ကျင့်ပြီးတော့ သင်ကြားပေးသွားဖို့ ဖြစ်ပါတယ်။

လက်တွေ့အသုံးချနိုင်မယ့် မြန်မာသင်္ဒါ
နောက် အလယ်တန်းအဆင့် ရောက်လာတဲ့အခါမှာ ဆိုရင်တော့ မြန်မာစာပေရဲ့ စာရေးသားပုံသ္ဌာန်တွေ နှံ့နှံ့စပ်စပ်သိဖို့ ရည်ရွယ်ထားပါတယ်။ စာရေးသား ပုံသ္ဌာန်ဆိုတဲ့အခါမှာ ပထမ (၁) အချက်ကတော့ အသုံးချဘာသာစကားပါ။ ဒီဘာသာ စကားကို လက်တွေ့မှန်မှန်ကန်ကန် ရေးတတ်၊ ပြောတတ်ဖို့ အသုံးချဘာသာ စကားဆိုတာ ပုံသ္ဌာန်တစ်မျိုးအနေနဲ့ သတ်မှတ် ပါတယ်။ နောက်တစ်ခုကတော့ မြန်မာသင်္ဒါပါ။

အလယ်တန်း အဆင့်ကနေစပြီးတော့ မြန်မာသင်္ဒါကို အသစ်ပြန်ပြီး ပြုပြင်ပြုစုရေးဆွဲနေပါတယ်။ အဲဒီလို ရေးဆွဲတဲ့အခါမှာလည်း ခေတ်မီဘာသာဗေဒနည်းကို အခြေခံပြီးတော့မှ ဒီကလေးတွေ မြန်မာဘာသာစကားနဲ့ ပတ်သက်တဲ့ သင်္ဒါကို လွယ်လွယ်ကူကူ တတ်မြောက်ပြီးတော့ လက်တွေ့မှာ အသုံးချနိုင်မယ့် သင်္ဒါစာအုပ်တွေကို စတင်ပြီးပြုစုနေပါတယ်။

အထက်တန်းအဆင့် ရောက်သွားတဲ့ အခါမှာဆိုရင်တော့ မူလတန်း၊ အလယ်တန်းကနေပြီးတော့ သူတို့ရလာတဲ့ မြန်မာစာ၊ မြန်မာစကားနဲ့ပတ်သက်တဲ့ အခြေခံကောင်းတွေကို သူတို့ဆက်ပြီးတော့မှ အသုံးချနိုင်အောင် ဒီသင်ခန်းစာတွေကို မြှင့်ပြီးတော့ ရေးဆွဲသွားပါမယ်။ အဲဒီလိုရေးဆွဲတဲ့အခါမှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသွားတဲ့နောက် တက္ကသိုလ်ဆက်တက်သည် ဖြစ်စေ၊ လုပ်ငန်းခွင်ထဲကို ဝင်ရောက်သွားသည်ဖြစ်စေ၊ မြန်မာစာ၊ မြန်မာစကားနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမှာ အများ ပြည်သူနဲ့ ဆက်သွယ်တဲ့အခါ ထိထိရောက်ရောက် အသုံးချနိုင်တဲ့ ကျွမ်းကျင်တတ်မြောက်မှုမျိုးရရှိဖို့ မျှော်မှန်းထားပါတယ်။

အခုလာမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းပုံစံသစ်မှာ ပြုပြင်ထားတဲ့ပုံစံလေးတွေရှိပါတယ်။ အဲဒီပုံစံလေးတွေနဲ့လည်း ချိတ်ဆက်ပြီးတော့မှ အခုပြန်လည်ရေးဆွဲမယ့် ဒီအထက်တန်းသင်ခန်းစာမှာလည်း အခုလက်ရှိ ကျောင်းသား ကျောင်းသူတွေ ကျင့်သုံးတဲ့ မေးခွန်းပုံစံမျိုး၊ သူတို့ရဲ့ အတွေးအခေါ်တွေ၊ သူတို့ရဲ့ ကြံဆမှုမျိုး တွေကိုအားပေးတဲ့ ဒီသင်ခန်းစာမျိုးတွေကိုလည်း ချိတ်ဆက်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် နောက်တစ်ဆင့်ဆက်ပြီးတော့မှ ဒီကလေးတွေ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသွားလို့ တက္ကသိုလ်ဆက်တက်မယ်ဆိုရင် တက္ကသိုလ်မှာ မြန်မာစာသင်ကြား ရေးနဲ့ပတ်သက်ပြီး ဘယ်လိုချိတ်ဆက် ဆောင်ရွက်မလဲဆိုတဲ့ ကိစ္စတွေပါ စဉ်းစားပြီးတော့မှ စီစဉ်ဆောင်ရွက်နေပါတယ်။

အစီအစဉ်မှူး။ ။ ဆရာမအနေနဲ့လည်း ဖြည့်စွက်ပြီးတော့ ပြောကြားပေးစေလိုပါတယ်။

ဒေါက်တာပိုးပိုး။ ။ အင်္ဂလိပ်စာအနေနဲ့ အခုလက်ရှိ ပြောင်းလဲလိုက်တဲ့ သင်ရိုးဟာ ဒီစွမ်းရည် လေးမျိုးလုံးကို ထည့်သွင်း စဉ်းစားပြီးတော့မှ ရေးသားထားတဲ့ စွမ်းရည်တွေဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် သူ့ရဲ့ပြောင်းလဲလိုက်တဲ့ပုံစံကိုက သင်ကြား သင်ယူမှုနည်းလမ်းပါ ပြောင်းလဲသွားပြီ။ အဲဒီအတွက်ကြောင့် ဒီစာအုပ်တွေကို ထိထိရောက်ရောက်နဲ့ သင်ကြားပေးနိုင်ဖို့ ဆိုရင်တော့ ဆရာ ဆရာမတွေအနေနဲ့ သင်ပြနည်းကို မှန်မှန်ကန်ကန်နဲ့ သင်ပြနိုင်ဖို့ လိုအပ်လာတယ်။ အဲဒီအတွက်ကြောင့် ကျွန်မတို့ ပညာရေးဝန်ကြီးဌာနအနေနဲ့လည်း ဒီဆရာ ဆရာမတွေအတွက် သင်တန်းတွေနှစ်စဉ် ပို့ချနေပါတယ်။

ထိထိရောက်ရောက် သင်ကြားပေးဖို့
အဲဒီအတွက် ကျွန်မမှာကြားချင်တာကတော့ ဆရာ ဆရာမတွေအနေနဲ့ သတ်မှတ်ထားတဲ့ သင်ရိုးနဲ့ ဖတ်စာအုပ်ကို သင်ကြားတဲ့ အခါမှာ ဆရာ ဆရာမတွေအတွက် ထုတ်ဝေပေးထားတဲ့ Teacher Guide ထဲမှာပါဝင်တဲ့ Teaching Steps တွေကို လိုက်နာပြီးတော့မှ ထိထိရောက်ရောက် သင်ကြားပေးဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Curriculum တွေ Text Book  တွေကို ဘယ်လိုပဲပြောင်းတယ်ပြောပြော သင်ကြားနည်းက ကျောင်းသား ကျောင်းသူကို အလွတ်ပဲ ကျက်မှတ်ခိုင်း မယ်ဆိုရင်တော့ သူတို့တွေအနေနဲ့ ဒီဟာကိုပြန်ပြီး လက်တွေ့အသုံးချနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဆရာ ဆရာမတွေအနေနဲ့ သင်ပြနည်းမှန်မှန်နဲ့ ဒီလိုမျိုး သင်ကြားပေးဖို့လိုတယ်။

အဲဒီတော့ Teaching Steps ဆိုတာလည်း အားလုံးပေးထားပြီးတဲ့ အတွက်ကြောင့် ဆရာ ဆရာမ တို့အနေနဲ့ သင်ကြားမယ် ဆိုရင်တော့ အခက်အခဲ မရှိနိုင်ပါဘူး။ အဲဒီလိုပဲ နှစ်စဉ်နှစ်တိုင်းမှာ Grade တစ်ခုတိုင်း၊ တစ်ခုတိုင်းမှာ သူတို့အတွက် ဆရာ ဆရာမတွေက သင်ကြားတဲ့အခါမှာ သင်ပြနည်းကို မှန်မှန်ကန်ကန်နဲ့ ဒီ Teaching Steps တွေအတိုင်းပဲ သင်ကြားပေး မယ်ဆိုရင်တော့ Grade တစ်ခုပြီးသွားတိုင်း ပြီးသွားတိုင်းမှာ ကလေးများသည် သူတို့တတ်မြောက်သင့်တဲ့၊ ကျွန်မတို့မျှော်မှန်း ထားတဲ့ တတ်မြောက်မှုရလဒ်တွေကို ရရှိသွားမယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ အဲဒီလိုရရှိသွား မယ်ဆိုရင်တော့ သူတို့က Grade တွေ တစ်ခုပြီးတစ်ခု အတန်းတက်သွားမယ်ဆိုရင် သူတို့အခြေခံပညာတန်းကို ပြီးမြောက်သွားမယ့် အချိန်ဆိုရင်တော့ သူတို့သည် အင်္ဂလိပ်စာကို အသုံးပြုပြီးတော့မှ ရေးသားဆက်သွယ်ပြောဆိုနိုင်မယ်လို့ ကျွန်မကတော့ အပြည့်အဝ ယုံကြည်ပါတယ် ဆိုတဲ့အကြောင်း ပြောကြားလိုပါတယ်။

အစီအစဉ်မှူး။ ။ ဆရာကြီးဒေါက်တာချိုဝင်းအနေနဲ့ရော ဖြည့်စွက်ပြီးတော့ ပြောကြားပေးပါဦး။ 

ဒေါက်တာချိုဝင်း။ ။ သင်္ချာဘာသာရပ် အနေနဲ့တော့ အခြေခံပညာ အလယ်တန်းအဆင့်မှာ ကိန်းစစ်စနစ်၊ အက္ခရာသင်္ချာ အခြေခံများ၊ စာရင်းအင်းသင်္ချာ၊ လူမှုရေးသင်္ချာနဲ့ ဂျီဩမေတြီဆိုတဲ့ နယ်ပယ်များပါဝင်မှာ ဖြစ်ပါတယ်။ အခြေခံပညာ အထက်တန်းအဆင့်မှာတော့ Algebra, Geometry, နောက် Vector, Trigonometry နဲ့ Calculus ဆိုတဲ့ နယ်ပယ်များ ပါဝင်မှာ ဖြစ်ပါတယ်။

စောစောက ကျွန်တော်တို့ပြောခဲ့သလိုပဲ အခြေခံသင်ရိုးအဟောင်းကို ၇၀ ရာခိုင်နှုန်းအခြေခံပြီး ၃၀ ရာ ခိုင်နှုန်းသာ ပြောင်းလဲထားတာ ဖြစ်တဲ့အတွက်ကြောင့် ကျောင်းသား ကျောင်းသူနဲ့ သင်ကြားပေးမယ့် ဆရာ ဆရာမတွေအတွက် အခက်အခဲမရှိဘဲ ပိုပြီးတော့ တိုးတက်အောင်မြင်စွာ သင်ကြားသင်ယူနိုင်မယ်လို့ ယုံကြည်ပါတယ်။

အစီအစဉ်မှူး။ ။ ဆရာမကြီး ဒေါ်ခင်မြသက်အနေနဲ့ ဖြည့်စွက်ပြီးတော့ ပြောကြားပေးပါဦး။
ဒေါ်ခင်မြသက်။ ။ မြန်မာနိုင်ငံမှာ ကစားတယ်ဆိုရင် ကာယလုပ်တယ်။ ကာယလုပ်နေရင်လည်း ကစားတာလို့ပဲမြင်တယ်။ တကယ်တမ်းကျတော့ ကာယပညာဘာသာရပ်က (၂၁)ရာစု Skill  ဖြစ်တဲ့၊ ကျွမ်းကျင်မှုတွေဖြစ်တဲ့ Cooperation, Collabo-ration, Critical Thinking, Problem Solving ဆိုတဲ့ ကျွမ်းကျင်မှုတွေကိုရရှိအောင် သင်ကြားပေးနေတဲ့ ဘာသာရပ်ပဲ ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူတွေဟာဆိုရင် ကစားနေရတာပျော်တယ်။ သက်ဆိုင်ရာ ကာယလေ့ကျင့်ခန်းတွေကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်ပြီးတော့ သူတို့ရဲ့ နည်းပရိယာယ်တွေ၊ နည်းစနစ်သစ်တွေကို သူတို့ရရှိလာမှာဖြစ်တယ်။

ကိုယ်ရည်ကိုယ်သွေးတွေ တိုးတက်ဖို့
ကစားနည်းစနစ်တွေကို သိရှိပြီးတော့ လှုပ်ရှားတဲ့အခါမှာလည်း ဘယ်လိုအကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်မလဲဆိုတဲ့ နည်းပရိယာယ်တွေ၊ ဆုံးဖြတ်မှုတွေကို ရရှိလာမှာဖြစ်ပါတယ်။ စုပေါင်းကစားခြင်းအားဖြင့်လည်း ကြုံတွေ့လာတဲ့ အခက်အခဲ တွေကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ အလေ့အကျင့်လေးတွေ ရှိလာကြပါတယ်။ ယှဉ်ပြိုင်ကစားတော့မယ်ဆိုရင် သူတို့ဟာ အောင်နိုင်ဖို့အတွက် ဘယ်လိုကြိုးစားမလဲ၊ ဘယ်လို ဆုံးဖြတ်မလဲ၊ ပြီးတော့ အသင်းအောင်နိုင်ရေးအတွက် အားကစားနည်း ပရိယာယ်တွေကိုလည်း အသုံးချလာတတ်မှာ ဖြစ်ပါတယ်။ စဉ်းစားပြီးတော့ အကဲဖြတ်တတ်လာမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကလေးတွေဟာ ငယ်စဉ်ဘဝမှာလည်း ကျောင်းနေပျော်ပြီးမှ စာတော်ရမယ်။ ကိုယ်ကာယကြံ့ခိုင်ပြီးတော့မှ စိတ်ဓာတ် ကြံ့ခိုင်ရမယ်ဆိုတဲ့ စကားနဲ့အညီကလေးတွေဟာ ကိုယ်ကာယကြံ့ခိုင်မယ်။ စိတ်ဓာတ်ကြံ့ခိုင်မယ်။ နောက် ကစားတဲ့ အခါမှာလည်း ပျော်ပျော်ရွှင်ရွှင်ဖြစ်မယ်။ ကျန်းမာကြံ့ခိုင်ပျော်ရွှင်ပြီးတော့မှ လူ့ဘဝမှာ နေထိုင်သွားပြီးတော့ ကစားနည်းစနစ် တွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုခြင်းအားဖြင့် မြန်မာနိုင်ငံမှာ အားကစားသမားကောင်းတွေလည်း ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခြေခံပညာဆရာ ဆရာမများနဲ့ ကျောင်းသား ကျောင်းသူအားလုံး ကာယပညာဘာသာရပ်ကို စိတ်ဝင်စားပြီးတော့ အလေးအနက်ထားသင်ယူဖို့ တိုက်တွန်းမှာ ကြားလိုပါတယ်။

အစီအစဉ်မှူး။ ။ ဆရာကြီး ဦးအောင်စည်သူလှိုင်အနေနဲ့ရော ဖြည့်စွက်စကားပြောကြားပေးစေ လိုပါတယ်။ 

ဦးအောင်စည်သူလှိုင်။ ။ ကျွန်တော်တို့ အနုပညာ(ပန်းချီ) ဘာသာရပ်အနေနဲ့ ကျောင်းတွေမှာသင်ရတဲ့ ရည်ရွယ်ချက်က ပန်းချီ၊ ပန်းပုပညာရပ်တွေကို လူငယ်တွေ၊ ကလေးတွေ ခံစားနားလည်တတ်ဖို့ အဓိက ရည်ရွယ်ပါတယ်။ သင်ရိုးရေးဆွဲတဲ့နေရာမှာ ကလေးတွေအနေနဲ့ တစ်ဦးချင်းဆောင်ရွက်တဲ့ လုပ်ငန်းတွေ ရှိတယ်။ အုပ်စုလိုက်ဆောင်ရွက်တဲ့ လုပ်ငန်းတွေရှိတယ်။ အများနဲ့ ပူးပေါင်း ဆောင်ရွက်တတ်အောင် ဒီလိုမျိုး သင်ရိုးတွေပါ ထည့်သွင်းရေးထားပေးပါတယ်။

သင်ကြားနည်းစနစ်
ဒီလိုမျိုး ပညာရေးပြုပြင်ပြောင်းလဲတဲ့နေရာမှာ အရေးကြီးဆုံးအချက်က သင်နည်းစနစ်ပြောင်းသွားတာပဲ။ ကျောင်းသားတွေကို သင်တဲ့နေရာမှာ အဓိက ကျွန်တော်တို့ စိုးရိမ်တဲ့အချက်က ဘာသာရပ်တွေကို သင်တဲ့နေရာမှာ မှန်မှန်ကန်ကန်နဲ့ သင်ကြားပေးဖို့ပါပဲ။ ကျွန်တော်တို့ အကြံပေးချင်တာကတော့ ဆရာလမ်းညွှန်စာအုပ်တွေမှာ ကြိုတင်ပြင်ဆင်ရမယ့် ပစ္စည်းတွေ၊ အကြောင်းအရာတွေပါ သေသေချာချာ လေးထည့်ပြီးတော့မှ ရေးထားပေးတဲ့အတွက် သက်ဆိုင်ရာ ဘာသာရပ်သင်တဲ့ ဆရာ ဆရာမတွေအနေနဲ့ သေသေချာချာ လမ်းညွှန်စာအုပ်ကို ဖတ်ပြီးတော့မှ သင်မယ်ဆိုရင် အခက်အခဲ နည်းပါးစွာနဲ့ သင်ကြား ပေးနိုင်လိမ့်မယ်လို့ အကြံပေးချင်ပါတယ်။

အစီအစဉ်မှူး။ ။ ဆရာကြီးရဲ့ဖြည့်စွက်စကားလေးလည်း မျှဝေပေးပါဦး။

ဒေါက်တာဇော်လတ်ထွန်း။ ။ အခု ကျွန်တော်တို့ ပြောင်းလဲရေးဆွဲနေတဲ့ သင်ရိုးသစ်တွေဟာ သက်ဆိုင်ရာ ဘာသာရပ် အသီးသီးရဲ့ ဘာသာရပ်ကော်မတီတွေက အကြိမ်ကြိမ် စိစစ်တည်းဖြတ်ပြီးတော့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီရဲ့ အတည်ပြုချက်ကိုပါရယူပြီး ဆောင်ရွက်ထားတာဖြစ်တဲ့အတွက် အရည်အသွေး စံချိန်စံညွှန်းတွေနဲ့ ပြည့်စုံစွာဆောင်ရွက်ထားတာလို့ ပြောလို့ရပါတယ်။


ထည့်သွင်းဆောင်ရွက်ထား
သင်ရိုးသစ်မှာ KG ကစပြီး သင်ရိုးသစ်ကို စထိတွေ့ခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေကတော့ တောက်လျှောက်သင်ရိုးသစ်ကို ပါသွားမှာဖြစ်ပေမယ့် ဒီမူလသင်ရိုးနဲ့သင်ကြားနေရတဲ့ ကျောင်းသား ကျောင်းသူတွေကတော သင်ရိုးသစ်ပြောင်းလဲမှု အစီအစဉ်အရ လက်ရှိသင်ရိုးကနေ သင်ရိုးသစ်ကို ကူးပြောင်းသင်ကြားရမှာ ရှိလာပါတယ်။ ဥပမာအားဖြင့် အခု(၂၀၁၈-၂၀၁၉) ပညာသင်နှစ်မှာ စတုတ္ထတန်း Grade-5 အတန်းကို တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူတွေဟာ လာမယ့်နှစ် ကျောင်း ဖွင့်တဲ့အချိန် (၂၀၁၉-၂၀၂၀)မှာ သူတို့က ဒီသင်ရိုးသစ်ရဲ့ဆဋ္ဌမတန်း Grade-6 ကို တက်ရမယ်။ အဲဒီတော့ ရုတ်တရက်ကြည့်ရင် စတုတ္ထတန်းကနေ ဆဋ္ဌမတန်းကို ရောက်သွားတယ်။ အတန်းကျော်တက်သွားတယ်လို့ ထင်စရာရှိတယ်။ ဒါပေမယ့် တကယ်တော့ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူက မူလသင်ရိုးမှာတုန်းကတော့ စတုတ္ထတန်း Grade-5 သည် မူလတန်း ပြီးဆုံးသွားတယ်။ မူလတန်းပြီးဆုံးသွားပြီးတော့ သင်ရိုးသစ်မှာ အလယ်တန်းကို ဘယ်ကစလဲဆိုတော့ Grade-6 ကစတယ်။ ဒါကြောင့် Grade ကပြောရင် Grade-5 က Grade-5 ကို ကူးသွားတာဖြစ်တဲ့အတွက် အတန်းကျော်တက်တဲ့ သဘောမဟုတ်ဘူး။ ဒါ့အပြင် စနစ်သစွ်မေိန-၆ ရဲ့သင်ရိုးဟာ နဂိုမူလတန်းသင်ရိုးရဲ့ ပဥမတန်းကိုပဲ အခြေခံထားတာဖြစ်တဲ့ အတွက် ကွာခြားမှုသိပ်မရှိဘူး။ သို့သော်လည်း လိုအပ်မယ်လို့ ယူဆနေရတဲ့ သင်ခန်းစာတွေအတွက် ဖြည့်စွက်သင်ခန်းစာ Complementary Lessons တချို့တွေကိုလည်း ထည့်သွင်းပေးထားပြီးတော့ ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ အများစုသိချင်နေတဲ့ မေးခွန်းလေးတစ်ခုအနေနဲ့ အခုလက်ရှိ အခြေခံပညာအတန်း အသီးသီးမှာ သင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူတွေထဲမှာဆိုရင် ဘယ်အတန်းတွေက သင်ရိုးသစ်နဲ့ တွေ့မလဲဆိုတာ ပြောပြပေးစေ လိုပါတယ်။ 

ဒေါက်တာဇော်လတ်ထွန်း။ ။ ဒါကတော့ အများစု စိတ်ဝင်စားနေတဲ့ အကြောင်းပါ။ အခု (၂၀၁၈-၂၀၁၉)ပညာသင်နှစ်မှာ လက်ရှိသင်ရိုးဟောင်းရဲ့ သတ္တမတန်း Grade-8 မှာ တက်ရောက်နေတဲ့ကျောင်းသား ကျောင်းသူတွေကစပြီးတော့ KG+12  သင်ရိုးသစ်နဲ့ စတွေ့ပြီ။ အခုစာသင်နှစ်မှာ မူလသင်ရိုးဟောင်းရဲ့ အဋ္ဌမတန်း Grade-9 ၊ နဝမတန်း Grade-10  နဲ့ ဒသမတန်း Grade-11 တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူတွေကတော့ မူလသင်ရိုးဟောင်းနဲ့ပဲ သူတို့ရဲ့ အခြေခံပညာကို ပြီးဆုံးအောင် သင်ကြားရမှာ ဖြစ်ပါတယ်။

ပူးပေါင်းပါဝင်ဆောင်ရွက်
ကျွန်တော်တို့ ပြောင်းလဲရေးဆွဲနေတဲ့ သင်ရိုးတွေဟာ ကျွန်တော်တို့အားလုံး ပြောခဲ့သလိုပဲ ကျောင်းသား ကျောင်းသူတွေကို သူတို့ရဲ့ အသက်အရွယ်နဲ့၊ သူတို့ရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုတွေနဲ့ ကိုက်ညီအောင် ရသင့်ရထိုက်တဲ့ အကြောင်းအရာတွေ သူတို့ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေပေးဖို့နဲ့ (၂၁)ရာစုဆိုင်ရာ ကျွမ်းကျင်မှုတွေ၊ ဗလငါးတန် ဖွံ့ဖြိုးမှုတွေရအောင် စနစ်တကျ အားလုံး ဝိုင်းဝန်းဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ သူတို့သင်ကြားဖို့အတွက် ဆိုရင်လည်း ဆရာလမ်းညွှန်တွေကို တိတိကျကျနဲ့ ဘာတွေဆောင်ရွက်ရမယ်ဆိုတာ အဆင့်ဆင့်ဖော်ပြပေးထားတာ ဖြစ်တယ်။ ဒါကြောင့် ဒီသင်ရိုးသစ်တွေကို သင်ကြားတဲ့အခါမှာ မိဘတွေ၊ ဆရာ ဆရာမတွေအပါအဝင် အခြေခံပညာအဝန်းအဝိုင်းမှာ ပါဝင် ပတ်သက်နေတဲ့ သူတွေအားလုံးဟာ ယခု ဒီလိုဆောင်ရွက်ထားတဲ့ သင်ရိုးသစ်သင်ခန်းစာတွေ အစီအစဉ်တကျ လုပ်ထားတဲ့ သင်ခန်းစာတွေအတွက် သက်ဆိုင်ရာ သင်တန်းပို့ချပေးမှုတွေအရ၊ ဆရာလမ်းညွှန်တွေအရ သင်ကြားသင်ယူရတဲ့အခါမှာ အားလုံးအဘက်ဘက်က နေပြီးတော့ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသွားကြပါလို့ ပြောကြားလိုပါတယ်။