အခြေခံစားသောက်ကုန်တွင် အရေးပါသည့် ရေထွက်ကုန်၊ ကုန်စိမ်းနှင့်အသီးအနှံများ လက်ကားအဓိကဖြန့်ဖြူးရာ ရွှေပိတောက်ငါးဈေးနှင့် သီရိမင်္ဂလာဈေးကြီး

အင်တာဗျူး-  ညိမ်းသူ(သတင်းစဉ်)

ဓာတ်ပုံ- ကနူး

 

ပြည်သူလူထုအတွက် အခြေခံစားသောက် ကုန်များဖြစ်သည့် ဟင်းသီးဟင်းရွက်နှင့် ငါး/ပုစွန်ရေထွက်ကုန်များကို လူထုလက်ဝယ်အရောက် ဖြန့်ဖြူးနိုင်ရန် အသားငါးဈေးရုံများ၊ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံဈေးရုံတို့၏ အခန်းကဏ္ဍသည် ကုန်ပစ္စည်းအဓိက ဖြန့်ဖြူးတင်ပို့ရာ ဈေးရုံကြီးများအဖြစ် အရေးပါလျက်ရှိသည်။

 

ရန်ကုန်မြို့တွင် လူဦးရေ ၅ ဒသမ ၈ သန်းနေထိုင်လျက်ရှိပြီး အဆိုပါလူဦးရေ နေ့စဉ်စားသုံးနိုင်ရန် လှိုင်မြို့နယ် သီရိမင်္ဂလာ ဟင်းသီးဟင်းရွက် သီးနှံဈေး၊ ရွှေပိတောက် ငါးဈေးနှင့် စံပြငါးဈေးတို့သည် ရန်ကုန်မြို့၏ အဓိကစားသောက်ကုန်များ လက်ကားဖြန့်ဖြူးရာ ဈေးရုံကြီးများအဖြစ် ပြည်သူလူထု၏ စားသောက်ကုန် လိုအပ်ချက်ကို ဖော်ဆောင်ပေးလျက်ရှိပြီး ရန်ကုန်မြို့နေပြည်သူများ စားရေးအတွက်သာမက ကျန်သော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကုန်စည်များ ဖြန့်ဖြူးတင်ပို့လျက်ရှိသည်။ ရန်ကုန်မြို့နှင့် အနယ်နယ်အရပ်ရပ်သို့ နေ့စဉ် စား‌သောက်ကုန်များ ဖြန့်ဖြူးလျက်ရှိသော ရွှေပိတောက်ငါးဈေးနှင့် သီရိမင်္ဂလာ ဟင်းသီးဟင်းရွက်သီးနှံဈေးမှ တာဝန်ရှိသူများ၏ စကားသံတို့ကို စုစည်းဖော်ပြလိုက်ပါသည်။

 

mdn

 

ဦးဝေလင်း (လက်ထောက်ညွှန်ကြားရေးမှူး- မရမ်းကုန်းခရိုင် ဈေးများနှင့် ကုန်စည်ပွဲရုံများဌာန)

 

သီရိမင်္ဂလာဈေးကနေ တစ်ရက်ကို ကုန်တန်ချိန် ၅၀၀၀ ကျော်ဖြန့် ဖြူးပေးနေပြီးတော့ ရွှေပိတောက်ငါးဈေးက ရေချိုရေငန်ကုန်တန်ချိန် ၃ သိန်းခန့်နဲ့ ကြည့်မြင့်တိုင် ဗဟိုစံပြငါးဈေးက ကုန်တန်ချိန် တစ်သိန်းခွဲခန့်ကို နေ့စဉ် တိုင်းဒေသကြီးနဲ့ ပြည်နယ်များကို ဖြန့်ဖြူးရောင်းချပေးနေပါတယ်။ ရွှေပိတောက်ငါးဈေးကို ရေချိုငါးအနေနဲ့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းကဝင်ရောက်ပြီးတော့ ရေငန်ငါးဆိုရင် ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးက ဝင်ရောက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ စည်ပင်သာယာ ဈေးပေါင်း ၁၈၀ ကျော်ရှိပြီးတော့ သီရိမင်္ဂလာဈေးနဲ့ ရွှေပိတောက် ငါးဈေးကို ဝင်ရောက်ဖြန့်ဖြူးတဲ့ အခြေခံစားသောက်ကုန်များဟာ နေ့စဉ် ရန်ကုန်တိုင်းဒေသကြီးသာမက ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်များကို စီးဆင်းနေတဲ့အတွက် အဲ့ဒီဒေသက စားသုံးသူများလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေတဲ့အပြင် မြန်မာပြည်ရဲ့မြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့နေ စားသုံးသူတို့အတွက် အဓိက အရေးပါလျက်ရှိပါတယ်။

 

သီရိမင်္ဂလာကုန်စိမ်းဈေး သန့်ရှင်းသာယာလှပရေးအတွက် လုပ်သား ၇၀ နဲ့ ဆောင်ရွက်နေပြီးတော့ နေ့စဉ် အမှိုက်တန်ချိန် ၈၀ ကနေ ၁၂၀ ခန့်အထိ ထွက်ရှိနေတဲ့အတွက် ဈေးသည်နဲ့ဈေးဝယ်ပြည်သူတွေ အနံ့အသက် ကောင်းမွန်ဖို့ သန့်ရှင်းရေးလုပ်သားများနဲ့ နေ့စဉ်ဆောင်ရွက်နေပါတယ်။ ဈေးရုံသုံးရုံကို အမိုးအသစ်များ လဲလှယ်ခဲ့တဲ့အပြင် ဈေးရုံကိုးရုံမှာ ရေတလျှောက်များလည်း တပ်ဆင်နိုင်ခဲ့ပါတယ်။ တစ်ဆက်တည်း စွန့်ပစ် ဟင်းသီးဟင်းရွက် အမှိုက်များထဲကနေ သဘာဝဓာတ်မြေဩဇာအဖြစ် အီးအမ်ဘိုကာချီဆိုတဲ့ သဘာဝဓာတ်မြေဩဇာကို ထုတ်လုပ်ပြီး ဥယျာဉ်နဲ့ ခြံစိုက်တောင်သူတို့အတွက် ဖြန့်ဖြူးရောင်းချပေးနေတာလည်း ရှိပါတယ်။ တောင်သူ ဦးကြီးများအနေနဲ့ ဈေးနှုန်းသက်သာတဲ့ သဘာဝမြေဩဇာကို ထဲထဲဝင်ဝင် ထုတ်ယူသုံးစွဲတတ်တဲ့ အလေ့အကျင့်ကောင်းတွေရရှိအောင် အသိပေးလိုတဲ့ သဘောလည်း ဖြစ်ပါတယ်။

 

mdn

 

ဦးသန်းနိုင် (ရွှေပိတောက်ငါးဈေးတာဝန်ခံ)

 

ရွှေပိတောက်ငါးဈေးဟာ ရန်ကုန်တိုင်းဒေသကြီးအတွက်သာမက အခြားသော တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို နေ့စဉ်ကုန်စည်စီးဆင်းနေတဲ့ ရေထွက်ကုန်ဈေးကြီး လည်းဖြစ်ပါတယ်။ အခုမိုးရာသီမှာ ငါး/ပုစွန်ပိုပြီး ဝင်ရောက်တဲ့ အနေအထားရှိပါတယ်။ ပြည်တွင်းမှာ ရေချိုမွေးမြူရေးကန်တွေကနေ မွေးမြူထုတ် လုပ်နေတဲ့အတွက် ရေထွက်ကုန် ပြတ်လတ်တယ်ဆိုတာမရှိပါဘူး။ ရခိုင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းကြီးက ရေငန်ငါး/ပုစွန်ဆိုရင် ရေလမ်း၊ ကုန်းလမ်းကနေ တစ်ရက်ကို ကုန်တန်ချိန် တစ်သိန်းကျော် ဝင်ရောက်နေပြီးတော့ ရေချိုငါး/ပုစွန်ဆိုရင် တန်ချိန် နှစ်သိန်းကျော် ဝင်ထွက်နေပါတယ်။ ဧရာဝတီတိုင်းဒေသကြီးက ရေချိုနဲ့ ရေငန်ငါး/ပုစွန်လည်းဝင်ပါတယ်။ ဈေးနှုန်းအတက် အကျတော့ရှိတယ်။ ရေထွက်ကုန်အဝင်များရင် ဈေးပြန်ကျတတ်ပြီးတော့ အဝင်နည်းသွားရင် ဈေးပြန်တက်လေ့ရှိပါတယ်။ ရေချိုငါးအမျိုးအစား ၁၁ မျိုးနဲ့ ရေငန်အမျိုးအစား ရှစ်မျိုး ကုန်တန်ချိန် သုံးသိန်းကျော် ဝင်ထွက်နေပါတယ်။

 

ရွှေပိတောက်ငါးဈေးအကျယ်အဝန်း ၈ ဒသမ ၁၂၂ ဧက ရှိပြီးတော့ ငါးဈေးဝင်းကို  ယာဉ်အစီးရေ ၄၀၀ ကျော်ဝင်ထွက်ပြီး ကုန်စည်စီးဆင်းနေပါတယ်။ ဈေးရုံပေါင်း ၁၁ ရုံ၊ ဆိုင်ခန်းပေါင်း ၄၄၄ ခန်းရှိပါတယ်။ ရွှေပိတောက်ငါးဈေးနဲ့စံပြငါး ဈေးကရေထွက်ကုန်တွေကို ရန်ကုန်တိုင်းဒေသကြီးသာမက မြန်မာပြည်တစ်ဝန်း ကုန်စည်စီးဆင်းနေတဲ့အတွက် ရန်ကုန်မြို့အတွက်သာမက ရေထွက်ကုန်တင်ပို့ရာ နယ်စပ်ဒေသပါမကျန် တိုင်းဒေသနဲ့ပြည်နယ်တွေအတွက် အရေးပါတဲ့ဈေးကြီးဖြစ်ပါတယ်။ လက်လီပြန်လည် ရောင်းချမယ့်ဈေးဝယ်များနဲ့ လက်ကားရောင်းချပေးတဲ့ ဈေးသည်ဒိုင်များ အဆင်ပြေ ချောမွေ့စွာရောင်းဝယ်နိုင်ဖို့နဲ့ အတတ်နိုင်ဆုံး စီမံဆောင်ရွက်ပေးနေပါတယ်။

 

mdn

 

ဦးအောင်လင်းဦး (သီရိမင်္ဂလာဈေးတာဝန်ခံ)

 

လှိုင်မြို့နယ်မှာရှိတဲ့ သီရိမင်္ဂလာဈေးဟာ ဟင်းသီးဟင်းရွက်နဲ့အသီးအနှံ အဓိကရောင်းချတဲ့ လက်ကားဈေးကြီးဖြစ်ပါတယ်။ နံနက် ၄ နာရီကနေ ညနေ ၇ နာရီအထိ ဖွင့်လှစ်ရောင်းချပေးနေပါတယ်။ မြန်မာပြည်တစ်နံ တစ်လျားက ရာသီအလိုက်ထွက်ရှိတဲ့ ကုန်စိမ်းမှန်သမျှ၊ တရုတ်နိုင်ငံကအသီးအနှံ၊ ထိုင်းနိုင်ငံက အသီးနဲ့ကုန်စိမ်း ဝင်ရောက်ပြီးတော့ ဒီကမှတစ်ဆင့် နိုင်ငံတစ်ဝန်းကို ပြန်လည်ဖြန့်ဖြူးတင်ပို့တာပါ။ အဝင်ကုန်နဲ့အတူ အပြန်မှာ ကုန်ပြန်တင်တာလည်းရှိတယ်။ ဥပမာအားဖြင့် ဧရာဝတီတိုင်းက ကွမ်းရွက်တင်လာတဲ့ယာဉ်ဟာ ရှမ်းပြည်ကဝင်တဲ့ ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ နာနတ်သီး စတဲ့ကုန်စိမ်းကို ပြန်လည်သယ်ဆောင်တာရှိတယ်။ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးက ပြည်သူတွေ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် ဖူလုံစွာ စားသုံးနိုင်အောင် သီရိမင်္ဂလာဈေးကြီးက အဓိက ဖြန့်ချိပေးနေပါတယ်။ အသီးအနေနဲ့ ၁၀ မျိုးကနေ ၂၀ အထိရှိပြီးတော့ ကုန်စိမ်းဆိုရင် အမယ် ၃၀ ကနေ ၅၀ ကျော်အထိ ဝင်ရောက်ပြီး ဖြန့်ဖြူးရောင်းချနေတာ ရှိပါတယ်။ ရာသီအလိုက်မူတည်ပြီး အဝင်အထွက် အနည်းအများရအပြောင်းအလဲရှိ တတ်ပါတယ်။ အခုဆိုရင် တရုတ်နိုင်ငံက ပန်းသီး၊ ပန်းသစ်တော်၊ လိမ္မော်သီး ဝင်ရောက်နေပြီးတော့ ပြည်တွင်းအနေနဲ့ ရှမ်းပြည်မြောက်ပိုင်းက နာနတ်သီးနဲ့ ပျဉ်းမနား၊ ကျောက်ဆည်က ဖရဲသီးဝင်နေပါတယ်။ ကုန်စိမ်းမျိုးစုံဝင်ပြီးတော့ ဒီရက်ပိုင်းမှာ ကုန်စိမ်းအနေနဲ့ ထူးထူးခြားဝင်နေတာက ပဲခူးက ဗုံလုံသီးပါ။

 

သီရိမင်္ဂလာဈေးဟာ ၁၆ ဒသမ ၉၂၁ ဧက ကျယ်ဝန်းပြီး  ဈေးရုံ ၁၄ ရုံ၊ ဆိုင်ခန်းပေါင်း ၄၅၀၀ ကျော် ရှိပြီးတော့ ဈေးဝယ်ပြည်သူတစ်ရက်ကို ဦးရေ သုံးသိန်းခန့်နဲ့ ယာဉ်အစီးရေ သုံးထောင် ဝင်ထွက်မှုရှိပါတယ်။ ၂၀၁၆ ခုနှစ်ကနေ ဈေးအင်္ဂါရပ်နဲ့အညီ ဆောင်ရွက်ခဲ့တာကြောင့် အခုဆိုရင် ရန်ကုန်မြို့က ဒေသခံပြည်သူများသာမက အခြားသောမြို့တွေက စားသုံးသူများအတွက် အရေးပါတဲ့ ကုန်စိမ်းနဲ့သီးနှံလက်ကား ဈေးကြီးအဖြစ် ထည်ထည်ဝါဝါ တည်ရှိနေပါတယ်။  

 

mdn

 

ဒေါ်မေသက်ခိုင် (၅၅၅ ဈေးတန်း)

 

ဒီရာသီမှာ ဗုံလုံသီးအဝင်များတယ်။ သီတင်းကျွတ်၊ တန်ဆောင်မုန်းဆိုရင် ဧရာဝတီတိုင်း ညောင်တုန်းက ဝင်တယ်။ အခုရာသီမှာ ပဲခူးတိုင်း စစ်ကွင်း၊ မင်းလှက ဝင်လာတာပါ။ တစ်စီးကို ဆယ်တောင့်စီးထားတယ်။ တစ်စီးကို ၂၂၀၀ ကျပ်ယူရပြီးတော့ ၂၅၀၀ ကျပ်နဲ့ လက်ကားပြန်ရောင်းတယ်။ ပေါ်ဦးပေါ်ဖျားမှာ တစ်စီးကို ကျပ် ၄၀၀၀ ကနေ ကျပ် ၅၀၀၀ အထိဈေးရှိတယ်။ အခုဝင်တဲ့ဗုံလုံသီးဟာ အတောင့်လှတဲ့အတွက် စားသောက်ဆိုင်နဲ့ ဟိုတယ်က ဝန်ထမ်းတွေဝယ်ကြတယ်။ ဈေးတွေမှာဆိုရင်လည်း ရောင်းပန်းလှတယ်။ သီရိမင်္ဂလာဈေးက ဗုံလုံသီးဟာ ဘားအံ၊ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်နဲ့ တနင်္သာရီတိုင်းဒေသကြီးကို သွားတယ်။ ဇူလိုင်လမှာ စဝင်ပြီးတော့ စက်တင်ဘာဆိုရင် ပဲခူးကဗုံလုံ သီးအဝင်ရပ်သွားပြီ။ ပုစွန်ပေါရင် ဗုံလုံသီးအဝယ်လိုက်တယ်။ မြန်မာမျိုးရင်း ဖြစ်တဲ့အတွက် ချိုတယ်။ ကုန်စိမ်းထွက်တဲ့ဒေသက ပစ္စည်းအရည်အသွေးကောင်းရင် ရောင်းတဲ့သူ လည်းမျက်နှာပန်းလှပြီး စားသုံးသူလည်း အဆင်ပြေတဲ့အတွက် အရောင်းအဝယ်လည်း ကောင်းလေ့ရှိပါတယ်။

 

mdn

 

ကိုမိုးကြီး (၁၃၅ တညင်းသီးပွဲရုံ)

 

အခုအချိန်မှာ တညင်းသီးကို မြစ်ကြီးနား၊ ရှမ်းပြည်၊ တောင်ငူနဲ့ ရခိုင်ကဝင်နေပါတယ်။ မြစ်ကြီးနား တညင်းသီးက ဈေးအမြင့်ဆုံးပါ။ မြစ်ကြီးနားတညင်းသီးက တစ်တင်းကို ငွေကျပ် ၁၉၈,၀၀၀၊  ရှမ်းသီးနဲ့တောင်ငူက တစ်တင်းကို ငွေကျပ် ၈၅၀၀၀ နဲ့ ရခိုင်တညင်းသီးက တစ်တင်းကို ငွေကျပ် ၈၀၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ မတ်လကနေမေလအထိ ရေး၊ ထားဝယ်နဲ့မြိတ်က တညင်းသီးတွေ သီရိမင်္ဂလာဈေးကို လှိုင်လှိုင်ဝင်တတ်ပါတယ်။ ဇူလိုင်နဲ့ ဩဂုတ်လမှ မြစ်ကြီးနားနဲ့ ရှမ်းပြည်က အများဆုံးဝင်တဲ့အတွက် အ‌ရောင်းအဝယ်ကောင်းတဲ့ အချိန်လို့ ပြောရမှာပါ။ ဇွန်လပိုင်းမှာ အခွံမချွတ်ထားတဲ့ တညင်းသီးတစ်တင်းကို ငွေကျပ် ၂၅၀၀၀၊ ၃၀၀၀၀၊ အခွံချွတ်ထားရင် ငွေကျပ် ၄၀၀၀၀၊ ၅၀၀၀၀ ဆိုတော့ လက်ကားဈေးသည်တွေ ဝယ်နိုင်ကြတယ်။ အခုဈေးမြင့်သွားတဲ့အတွက် အရောင်းနဲနဲကျသွားတယ်။ ထမင်းဆိုင်သမားတွေတော့ ယူကြတယ်။ သီရိမင်္ဂလာဈေးကို ဝင်ရောက်တဲ့ တညင်းသီးအားလုံးဟာ မြန်မာတစ်ပြည်လုံးကို သွားနေပါတယ်။