အချစ်ဟောင်းကိုကြောက်နေတဲ့ ခိုင်လီဂျန်နာ


မကြာသေးမီကမှ သမီးဦးလေးကို မွေးဖွားလိုက်တဲ့ ရုပ်သံကြယ်ပွင့်တစ်ဦးဖြစ်သူ ခိုင်လီဂျန်နာကတော့ သမီးလေးနဲ့ပတ်သက်ပြီး အချစ်ဟောင်းနဲ့ တွေ့ဆုံဖို့ရာကြောက်နေတာကြောင့် မတွေ့အောင်ရှောင်နေကြောင်း ဟောလိဝုဒ်မီဒီယာတစ်ခုဖြစ်တဲ့ အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းက ရေးသားဖော်ပြလာတာကို တွေ့ရပါတယ်။

 


သမီးဦးလေး စတောင်မီဝက်ဘ်စတာကို မွေးဖွားခဲ့ပြီးနောက်မှာတော့ခိုင်လီဂျန်နာနဲ့ အချိန်အတော်ကြာ လက်တွဲခဲ့တဲ့ အချစ်ဟောင်း တေးသံရှင်တိုင်ဂါက သမီးလေးဟာ သူ့ရဲ့ကလေးများ ဖြစ်လိမ့်မလားဆိုတဲ့ သံသယနဲ့ မျိုးရိုးဗီဇစစ်ဆေးလိုနေတာဖြစ်ကြောင်းနဲ့ ခိုင်လီကို ဗီဇစစ်ဆေးပေးဖို့တောင်းဆိုခဲ့ကြောင်း ရက်ပ်တေးသံရှင် တိုင်ဂါနဲ့ ရင်းနှီးတဲ့အသိုင်းအဝိုင်းက ထုတ်ဖော်ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

 


အသက်(၂၁)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခိုင်လီဂျန်နာဟာ လတ်တလောမှာတော့ ရက်ပ်တေးသံရှင် တစ်ဦးဖြစ်တဲ့ ထရားဗစ်စကော့ထ်နဲ့ ချစ်သူတွေအဖြစ်လက်တွဲနေတာဖြစ်ပြီး စတောင်မီဟာ ထရားဗစ်နဲ့ ခိုင်လီတို့ရဲ့ ရင်သွေးလေးဖြစ်ကြောင်း ဆိုပါတယ်။ ဒါပေမယ့် ခိုင်လီရဲ့ ချစ်သူဟောင်း တိုင်ဂါကတော့ စတောင်မီရဲ့ဗီဇကို စစ်ဆေးဖို့ရာ ကိုယ်ဝန်ဆောင်စဉ်ကာလမှစတင်ကာ ကလေးမွေးဖွားပြီးချိန်အထိ ခိုင်လီကို တောင်းဆိုခဲ့တာဖြစ်ကြောင်း ဟောလိဝုဒ်မီဒီယာတွေက ရေးသားဖော်ပြခဲ့ကြတာကို တွေ့ရပါတယ်။

အေးပြည့်