အခြားနည်းသုံးခွင့်နှင့် ဆိုင်ခွင့် ပိုင်ခွင့်ဆိုသည်မှာ

ကိုကိုဦး

 

၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ယနေ့ကာလအထိ မြေယာလောက၌ ရေပန်းစားလာသောစကားရပ် တစ်ခုမှာ “အခြားနည်းသုံးစွဲခွင့်” ဆိုသည့် စကားရပ်ဖြစ်ပါသည်။ အများပြည်သူအနေဖြင့် အဆိုပါ စကားရပ်အပေါ် နားလည်မှုလွဲမှားစွာဖြင့် ကောက်ချက်ချဆောင်ရွက်မှုများ တွေ့ရှိနေရပြီး ယခုတိုင် ဖြေရှင်း၍ ပြီးဆုံးနိုင်ခြင်း မရှိသေးသော လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ကိစ္စရပ်များ၌လည်း ထဲထဲဝင်ဝင် ပါဝင်နေကြောင်း တွေ့ရှိရသဖြင့် “အခြားနည်းသုံးစွဲခွင့်”ဆိုသည့် ဝေါဟာရ အနက်အဓိပ္ပာယ်သဘောနှင့် အဆိုပါ အခြားနည်းသုံးစွဲခွင့်ပြုချက် ရရှိထားသည့် မြေအား ဆိုင်ခွင့်၊ ပိုင်ခွင့်ဆိုသည့် အကြောင်းအရာများကို လေ့လာရေးသား တင်ပြရခြင်း ဖြစ်ပါသည်။

 

၂၀၁၂ ခုနှစ်မတိုင်မီက ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပုဒ်မ ၃၉ (လန-၃၉)အရ အခြားနည်းအသုံးပြုခွင့် ပေးအပ်ခဲ့ကြပါသည်။ အခြား နည်းအသုံးပြုခွင့် သမိုင်းကြောင်းကို လေ့လာမည် ဆိုပါက ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၃၉ တွင် “ဤအက်ဥပဒေပါ အခြား ပြဋ္ဌာန်းချက်များတွင် မည်သို့ပင် ပါရှိစေကာမူ၊ နိုင်ငံတော် သမ္မတသည်၊ သို့တည်းမဟုတ် ဤကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတကခန့်အပ်သော အာဏာပိုင်သည် လိုအပ်သည်ဟု ထင်မြင်ယူဆလျှင် မည်သည့်လယ်ယာ မြေကိုမဆို မိမိသတ်မှတ်သည့် နည်းလမ်းအတိုင်း အသုံးချရန် ဆင့်ဆိုနိုင်သည်။” ဟု ပြဋ္ဌာန်းထားချက်အရ နိုင်ငံတော်က အမိန့်ကြော်ငြာစာနှင့် ပြန်တမ်းများ ထုတ် ပြန်ပြီး ဗဟိုမြေယာကော်မတီ၊ တိုင်းမြေယာကော်မတီ၊ ခရိုင်မြေယာကော်မတီ အဆင့်ဆင့်တို့ကို အခွင့် အာဏာ အပ်နှင်းခဲ့သည်ကိုလည်းကောင်း၊ ၁၉၆၂ ခုနှစ် တော်လှန် ရေးကောင်စီ တက်လာပြီးနောက်ပိုင်း အဆိုပါ အာဏာ အပ်နှင်းမှုအတိုင်း ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ ဗဟိုအဆင့် မှသာ ဆောင်ရွက်ခဲ့သည့် သဘောကိုသာ တွေ့ရှိရပြီး ၁၉၇၄ ခုနှစ်နောက်ပိုင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်ကာလ ၁၉၇၇ ခုနှစ်တွင် ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ အဆင့်ဆင့်၏တာဝန်နှင့်လုပ်ပိုင်ခွင့် ဥပဒေပေါ်ပေါက်လာခဲ့ပြီးနောက် ဗဟိုမြေယာကော်မတီ၏လုပ်ပိုင်ခွင့် အာဏာသည် တိုင်းနှင့်ပြည်နယ် ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ထံသို့ ရောက်ရှိ သွားသည်ကို လည်းကောင်း။

 

ထိုသို့ ဆောင်ရွက်ခဲ့စဉ်လယ်ယာမြေများ လျော့ပါးမှုမရှိစေရေးနှင့် နိုင်ငံတော်၏ ဆန်၊ စပါး ဖူလုံရေးအတွက် လယ်ယာမြေများနှင့် စားကျက်မြေများတွင် အခြားနည်း အသုံးပြုခွင့်ကိစ္စများ ကန့်သတ်ခြင်းကို ထိုစဉ်က ဝန်ကြီး အဖွဲ့ရုံး၏ ၁၉၈၅ ခုနှစ်၊ ဇူလိုင်လ(၁၅)ရက် နေ့စွဲပါ စာအမှတ်၊ ၁၀/၆၀၁-ဆ/ခရ ဖြင့် ထုတ်ပြန်ခဲ့ခြင်းကြောင့် အခြားနည်း အသုံးပြုခွင့်ပေးခြင်းကိစ္စများ ရပ်ဆိုင်းသွားခဲ့သည်ကိုလည်းကောင်း၊ ၁၉၈၈ ခုနှစ်၊ မတ်လ ၃၁ ရက်တွင်မှ ဝန်ကြီးအဖွဲ့ရုံးမှ စာအမှတ်၊ ၁၀/၆၀၁-ဆ/ဝဖရ ဖြင့် အခြားနည်း အသုံးပြုလိုသူများနှင့် လက်ငုတ်များအား အတတ်နိုင်ဆုံး ပြေလည်အောင်ညှိနှိုင်းပြီး အထူးသဖြင့် လက်ငုတ်များက တစ်သက်လုံး မြေလက်လွတ်သွားမည့် ကိစ္စများတွင် မြေအစား သို့မဟုတ် သင့်လျော်သော နစ်နာကြေး သို့မဟုတ် အလုပ်အကိုင်ရရှိရေးကို ဆောင်ရွက်ပေးခြင်း အစရှိသည်တို့ကို ဘက်စုံ စဉ်းစားဝေဖန်သုံးသပ်ပြီးမှ လျှောက်ထားသော လယ်ယာမြေကို စိုက်ပျိုးမှုမှအပ အခြားနည်းအသုံးပြုရန် ဆင့်ဆိုသတ်မှတ်ပေးရန် ပြန်လည်ညွှန်ကြားခဲ့သည်ကိုလည်းကောင်း လေ့လာ တွေ့ရှိရသည်။

 

အခြားနည်းသုံးစွဲခွင့် လျှောက်ထားမည်ဆိုလျှင်

 

၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကာလ အစိုးရအဖွဲ့ရုံး၏ ၁၉၉၁ ခုနှစ်၊ ဇူလိုင်လ(၅)ရက်၊ စာအမှတ်၊ ၂/၀၀၁-က/ အဖရဖြင့် လန-၃၉ ခွင့်ပြုမိန့် အား ပြည်နယ်/ တိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အားလုံးသို့ ဆောင်ရွက်ခွင့်ပြုကြောင်း ညွှန်ကြားခဲ့သည်ကို လေ့လာ တွေ့ရှိရပါသည်။ ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးအက်ဥပဒေ အာဏာတည်စဉ်ကာလက အက်ဥပဒေပုဒ်မ ၃၉ အရ ဆင့်ဆိုသော အမိန့်ကို ပုံစံ(၃၃)ဖြင့် လည်းကောင်း၊ ပုံစံ(၅၈)ဖြင့် လည်းကောင်း ချမှတ်ထုတ်ပြန်ပေးခဲ့သည်ကို တွေ့ရှိရသည်။ ပုံစံ (၃၃)ကို လယ်ယာမြေများအတွက် ထုတ်ပေးပြီး ပုံစံ(၅၈) ကိုမူ ထိုစဉ်က လယ်ယာမြေဟူသော စကားရပ်တွင် ပါရှိခဲ့သည့် မြေရိုင်းအတွက် နည်းဥပဒေအပိုဒ် ၁၆၁ အရ ထုတ်ပေးခြင်းဖြစ်ပါသည်။ လူအများအနေဖြင့် အဆိုပါ ပုံစံနှစ်မျိုးကို ခွဲခြားခြင်းသိရှိမှုမရှိ၊ လန-၃၉ ခွင့်ပြုမိန့်အမျိုးအစားတစ်ခုတည်းအဖြစ် သိမှတ်ခဲ့သည်။

 

ဖော်ပြပါ အနေအထားအရ လန-၃၉ အတွက် အမျိုးအစား နှစ်မျိုးရှိသည်ဟု ခေါ်ဆိုနိုင်သည်။ ပုံစံ(၃၃) ဖြင့် ခွင့်ပြုမှုရရှိသူအတွက် အခြားသူသို့ ထပ်ဆင့် လွှဲပြောင်းခြင်းဆိုင်ရာ အခွင့်အရေးကိုမူ သီးခြားဖော်ပြထားခြင်း မတွေ့ရှိရပါ။ အဆိုပါပုံစံ(၃၃) ဖြင့် ခွင့်ပြုမည့် လန-၃၉ ခွင့်ပြုမိန့်ရရှိရန်အတွက် နည်းဥပဒေ ၈၄ ၌ “လယ်ယာမြေကို ဆင့်ဆိုသည့်နည်းလမ်းအတိုင်း အသုံးပြုရန်၊ ရောင်းဝယ်ပြီးမှသော်လည်းကောင်း၊ အခြားနည်းဖြင့် လွှဲပြောင်းပြီးမှသော်လည်းကောင်း၊ ဆောင်ရွက်နိုင်မည်ဖြစ်လျှင် တည်ဆဲအခြား တရားဥပဒေများနှင့်အညီ ထိုလယ်ယာမြေကို ရောင်းဝယ်ခြင်းသော်လည်းကောင်း၊ အခြားနည်းဖြင့် လွှဲပြောင်းခြင်းသော်လည်းကောင်း ပြုလုပ်နိုင်သည်။” ဟု ပြဋ္ဌာန်းထားရှိပါ၍ အခြားနည်းသုံးစွဲခွင့် လန-၃၉ ခွင့်ပြုမိန့် မလျှောက်ထားမီ အဆိုပါပြဋ္ဌာန်းချက်အား မလွဲမသွေလိုက်နာရန် အဓိကလိုအပ်မည် ဖြစ်ပါသည်။

 

ပုံစံ(၅၈)ဖြင့် ရရှိထားသော လန-၃၉ ဖြစ်ပါက ယင်း ပုံစံ၏ အောက်ခြေတွင်ဖော်ပြထားသော စည်းကမ်းချက်များ၌ နိုင်ငံတော်သမ္မတ သို့မဟုတ် နိုင်ငံတော်သမ္မတက ခန့်ထားသည့် အာဏာပိုင်၏ ခွင့်ပြုချက်မရဘဲ ပေါင်နှံခြင်း၊ ရောင်းချခြင်း သို့တည်းမဟုတ် အခြားနည်းဖြင့် လွှဲပြောင်းခြင်း၊ ခွဲစိတ်ခြင်းမပြုရဟု ဖော်ပြထားပါသည်။ အဆိုပါဖော်ပြ ချက်မှာ ပုံစံ (၃၃) နှင့် ပုံစံ (၅၈) တို့၏ အဓိက ကွာခြားချက် ဖြစ်ပါသည်။ ပုံစံနှစ်မျိုးလုံး၏ တူညီသော လိုက်နာရမည့် စည်းကမ်းချက်မှာ “ဖော်ပြသည့် နည်းလမ်းအတိုင်း သို့မဟုတ် သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း အသုံးပြုရန်” ဖြစ်ပါသည်။ သို့သော် ထိုစဉ်က ကျင့်သုံး နေသော ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ၃၅ တွင် ဖော်ပြထားသော “နိုင်ငံတော်သမ္မတသည် မည်သည့်အချိန်အခါတွင်မဆို လိုအပ်သည်ဟု ထင်မြင်ယူဆလျှင် ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဤအက်ဥပဒေအရ ပြုသည့် နည်းဥပဒေပါ ပြဋ္ဌာန်းများအရ ချမှတ်ထားသောအမိန့်ကို သို့တည်းမဟုတ် စီရင်ချက်ကို အတည်ပြုနိုင်သည်။ သို့တည်းမဟုတ် ပြင်ဆင်နိုင်သည်။ သို့တည်းမဟုတ် ပယ်ဖျက်နိုင်သည်။” ဟူသည့် ပြဋ္ဌာန်းချက်အရ အခြားနည်းသုံးစွဲခွင့် ပြုထားသည့် ခွင့်ပြုချက်နည်းလမ်းအား ပြင်ဆင်နိုင်သည့် အနေအထားရှိနေကြောင်း လေ့လာတွေ့ရှိရသည်။

 

မြေမျိုးကြီးပြောင်းလဲပေးလိုက်ခြင်းသာဖြစ်

 

ယခုခေတ်ကာလ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း အားနည်းသုံးစွဲခွင့်ကိစ္စကို သာမန်အားဖြင့် စိုက်ပျိုးမြေများနှင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို စိုက်ပျိုးရေးလုပ်ငန်းများအပြင် အခြားစီးပွားရေးဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင်၊ ဟိုတယ်စသည့် လုပ်ငန်းမျိုးများ ဆောင်ရွက်ရန်အတွက် ခွင့်ပြုချက်ချမှတ် ပေးလျက်ရှိပါသည်။ အဆိုပါခွင့်ပြုမိန့်၏ အဓိပ္ပာယ်မှာ အမိန့်စာတွင် ပါရှိသတ်မှတ်ပေးထားသော လုပ်ငန်းကို ဆောင်ရွက်နိုင်ရန် မြေအသုံးပြုခွင့်ဟု ဆိုရပါမည်။ တစ်နည်းအားဖြင့် အခြားနည်းသုံးစွဲခွင့်ဆိုသည်မှာ မြေမျိုး ပြောင်းလဲပေးလိုက်ခြင်းသာ ဖြစ်ပါသည်။ ။ ဤကိစ္စတွင် ယခင် ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေပုဒ်မ ၃၉ အရ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်ရရှိသည့် မြေများအတွက် ဘဏ္ဍာတော်မင်းကြီးများရုံး၏ (၂၅-၁၀-၁၉၅၇)ရက်စွဲပါ စာအမှတ်၊ ၁၀၇၀-၁၁၁၁/ ၂ထက-၃၈ ဖြင့် ထုတ်ပြန်ခဲ့ သည့် အမှာစာတွင် အောက်ပါအတိုင်း ဖော်ပြပါရှိခဲ့ပါသည်“လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေပုဒ်မ ၃၉ အရ နိုင်ငံတော်သမ္မတက လယ်ယာမြေကို မည်သည့်အတွက် အသုံးချရမည်ဟု သတ်မှတ်သောအခါ နိုင်ငံတော်ပိုင်မြေဖြစ်စေ၊ နိုင်ငံတော်ပိုင်မဟုတ်သော မြေဖြစ်စေ၊ မည်သည့် လယ်ယာမြေကိုမဆို မူလက မြေမျိုးကြီးကို ပယ်ဖျက်၍ ပုဒ်မ ၃၉ အရ နိုင်ငံတော် သမ္မတ၏ ဆင့်ဆိုချက်တွင် ဖော်ပြသောကိစ္စကိုပင် မြေမျိုး ကြီးအသစ်ဟု မြေစာရင်းဌာနက မှတ်သားရပါမည်။” - ဟု ညွှန်ကြားထားမှုအရ လန-၃၉ ဆင့်ဆိုချက် အမိန့်စာသည် မြေမျိုးကြီးပြောင်းလဲမှုသာ ဖြစ်ကြောင်း၊ ပိုင်ဆိုင်မှုပေးခြင်း မဟုတ်ကြောင်း လေ့လာတွေ့ရရှိရမည် ဖြစ်သည်။

 

၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၌ အခြားနည်းသုံးပြုခွင့်နှင့်ပတ်သက်၍ ပုဒ်မ ၂၉ ၌ နိုင်ငံတော်၏ ရေရှည် အမျိုးသားအကျိုးစီးပွားအလို့ငှာ စီမံကိန်းလုပ်ငန်းကြီးများအတွက် ပြဋ္ဌာန်းထားပြီး ပုဒ်မ ၃၀ ၌ အများပြည်သူ အကျိုးငှာနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းထားမှုရှိပါသည်။ ထို့အပြင် နည်းဥပဒေ ပြဋ္ဌာန်းချက်များအရ လယ်ယာကဏ္ဍနှင့် သက်ဆိုင်ခြင်း၊ မသက်ဆိုင်ခြင်းဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ စိစစ်ဆောင်ရွက်ရန် နည်းလမ်းများ ပြဋ္ဌာန်းထားရှိပါသည်။ စိစစ်ဆောင်ရွက်ရန်အချက်များနှင့် ကိုက်ညီပါက လယ်မြေအား အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့် ပုံစံ(၁၅)ကို ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ လည်းကောင်း၊ လယ်မြေမှတစ်ပါး လယ်ယာမြေအား အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့် ပုံစံ၁၅ (က) ကို နေပြည်တော်ကောင်စီ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များမှ လည်းကောင်း ထုတ်ပေးနိုင်ခွင့် ပြဋ္ဌာန်းထားပါသည်။

 

အသုံးပြုခွင့်တစ်မျိုးသာရရှိမည်

 

၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံ ခန့်ခွဲရေးဥပဒေအရ အစိုးရကခွင့်ပြုသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများသုံးစွဲရန်၊ ဧက (၅၀) အထက် မွေးမြူရေးလုပ်ငန်း သုံးစွဲရန်နှင့် ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းတို့၏ ခွင့်ပြုမိန့်အား မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီမှ လည်းကောင်း၊ ဧက (၅၀) နှင့်အောက် မွေးမြူရေးလုပ်ငန်း သုံးစွဲရန်အတွက် နေပြည်တော်ကောင်စီ သို့မဟုတ်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံခန့်ခွဲရေးကော်မတီမှ လည်းကောင်း ထုတ်ပေးနိုင်မည်ဖြစ်ပါသည်။ ။

 

၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံ ခန့်ခွဲရေးဥပဒေအရ အခြားလုပ်ငန်းများအတွက်လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပြုသော ခွင့်ပြုမိန့်ကို ပုံစံ (၁၅) ဖြင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီမှ ထုတ်ပေးပါသည်။ အဆိုပါမြေအား ပုဒ်မ ၁၆ (က) ပါ စည်းကမ်းချက်အရ ခွင့်ပြုထားသည့် လုပ်ငန်းအမျိုးအစားနှင့် ယင်းနှင့်ဆက်နွယ်လျက်ရှိသော စီးပွားရေးလုပ်ငန်းကိုသာ လုပ်ကိုင်ရမည် ဟုလည်းကောင်း၊ ဥပဒေ ပုဒ်မ၁၆ (ဂ) အရလည်းကောင်း ခွင့်ပြုထားသည့်မြေများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ အငှားချထားခြင်း၊ ရောင်းချခြင်း၊ အခြားနည်းဖြင့် လွှဲပြောင်းခြင်း သို့မဟုတ် ခွဲစိတ်ခြင်း မပြုရဟု လည်းကောင်း ကန့်သတ်ထားပါသည်။ တစ်နည်းအားဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို “အသုံးပြုခွင့် Tiller Right” သာပေးထားခြင်း ဖြစ်သည်ကို အထူးသိနားလည်ထားရန် လိုအပ်ပါသည်။ ။

 

အထက်ဖော်ပြပါအတိုင်း အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့်ကိစ္စများအား အကျဉ်းချုံး၍ တင်ပြခြင်း ဖြစ်ပါသည်။ ဤဆောင်းပါး၏ ခေါင်းစဉ်ပါအချက်နှင့် ပတ်သက်၍ ဆက်လက် အသိပေးတင်ပြလိုသည့် အချက်နှစ်ချက်ရှိပါသည်။ အဆိုပါကိစ္စမှာ အသုံးပြုခွင့်ရရှိရန် စတင်လျှောက်ထားစဉ် လုပ်ဆောင်မည့်လုပ်ငန်း အကြောင်းအရာဖော်ပြချက်၊ အသုံးပြုခွင့်အမိန့်စာရရှိ ပြီးနောက် ကာယကံရှင်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတူညီရန်နှင့် အဆိုပါခွင့်ပြုမိန့်အရ လုပ်ငန်းဆောင်ရွက်ရမည့်မြေမှာ လုပ်ငန်းဆောင်ရွက်သူကိုယ်တိုင် အမည်ပေါက်ပိုင်ဆိုင်ခွင့် ရပြီး/ မပြီး ဆန်းစစ်ရမည့်ကိစ္စဖြစ်ပါသည်။

 

ပိုင်ဆိုင်ခွင့်ပေးလိုက်ခြင်းမဟုတ်ကြောင်း သတိပြု

 

ပထမအချက်ဖြစ်သော စတင်လျှောက်ထားစဉ်က လုပ်ငန်းနှင့် ခွင့်ပြုအမိန့်စာရပြီးနောက် ဆောင်ရွက်သည့် လုပ်ငန်းတူညီရပါမည်။ အဆိုပါကိစ္စမှာ အလွန်အင်မတန်မှ အရေးကြီးပါသည်။ တည်ဆဲလယ်ယာမြေ ဥပဒေအရ အခြားနည်းခွင့်ပြုမိန့် အမိန့်စာပါ ခွင့်ပြုအကြောင်းအရာအား ပြုပြင်ပြောင်းလဲရန် ဥပဒေ၊ နည်းဥပဒေများ၌ ပြဋ္ဌာန်းထားမှုမရှိပါ။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ဥပဒေတွင်လည်း အခြားနည်း အသုံးပြုခွင့် အမိန့်စာပါလုပ်ငန်း ပြောင်းလဲခွင့်အတွက် ခွင့်ပြုအမိန့်စာပါ စည်းကမ်းချက်နှင့် အထက်ဖော်ပြပါမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ၁၆ (က) နှင့် (ဂ)ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက် ရရှိရန်လိုအပ်ပြီး မြေယာအား လုပ်ကိုင်သူသို့ ပေးအပ်ထားသည့် အခွင့်အရေးမှာ Tiller Right အသုံးပြုခွင့်သာဖြစ်ပါသည်။ ပိုင်ဆိုင်ခွင့်မဟုတ်ပါကြောင်း သတိပြုရပါမည်။ ယခင် ပုံစံ ၅၈ ဖြင့် ပေးအပ် ထားသော လန-၃၉ ခွင့်ပြုမိန့်နှင့် သဘောတရားတူညီပါသည်။

 

ထို့အတွက် လုပ်ငန်းမဆောင်ရွက်မီ အသုံးပြုခွင့်ရရှိရန် စတင်လျှောက်ထားမှု မဆောင်ရွက်မီ မိမိဆောင်ရွက်မည့် အလုပ်အကိုင် လုပ်ငန်းအား အဆိုပါ မိမိရွေးချယ်မည့်နေရာ၌ အမှန်တကယ် ဆောင်ရွက် နိုင်ခြင်း ရှိ/ မရှိ၊ လုပ်ငန်းဆောင်ရွက်ရန် လိုအပ်သော ရင်းနှီးမြှုပ်နှံနိုင်မှု ရှိ/ မရှိ ကို အသေအချာ ဆန်းစစ်ရန် လိုအပ်ပါသည်။ ဌာနဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့်လည်း အထက်မှညွှန်ကြားလာသည့်တိုင် အမှန်တကယ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ ကို သေချာစွာဆန်းစစ်၍ ဖြစ်နိုင်စွမ်း ရှိ/ မရှိ ကို စိစစ်နိုင်ရန် အလွန်အရေးကြီးပါသည်။ ပထမအချက်ကို တင်ပြလိုသည်မှာ မိမိဆောင်ရွက်မည့်လုပ်ငန်းအတွက် မိမိ၏ ရွေးချယ်မှု၊ ဆုံးဖြတ်ချက်ခိုင်မာ မှန်ကန်ရေးဆိုင်ရာကိစ္စပင် ဖြစ်ပါသည်။ သို့မှသာ ရှေ့လာမည့် ကာလတစ်လျှောက်လုံးအတွက် မြေပိုင်ဆိုင်ခွင့်အပါအဝင် လုပ်ငန်းအားလုံး အဆင်ပြေချောမွေ့နေမည်သာ ဖြစ်ပါသည်။ ။

 

အခြားနည်းလုပ်ငန်းမစတင်မီ ကာလ၌ လယ်ယာမြေများမှာ တောင်သူလယ်သမားများ၏ လက်ဝယ်၌သာ တည်ရှိတတ်ပြီး အကောင်အထည်ဖော်မည့် ပုဂ္ဂိုလ်/ အဖွဲ့အစည်း၊ ဌာနဆိုင်ရာများ၏ လက်ဝယ်တွင်မရှိသည်က များပြားပါသည်။ ထိုအဖြစ်အပျက်မှာ ရှေးယခင်ကတည်းက ဥပဒေရေးဆွဲခဲ့သူများအပါအဝင် တာဝန်ရှိသူများအားလုံး သုံးသပ်သတိပြုမိသည့်အတွက် ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ၏ နည်းဥပဒေ ၈၄ ၌လည်းကောင်း၊ ၂၀၁၂ ခုနှစ်လယ်ယာမြေ ဥပဒေ၌လည်းကောင်း၊ လယ်ယာမြေများအား တရားဝင် လွှဲပြောင်းခွင့်ကို နောင်တစ်ချိန် ပိုင်ဆိုင်မှု မရှုပ်ထွေး နိုင်စေရေးအတွက် ထည့်သွင်းပြဋ္ဌာန်းပေးခြင်းသာဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။

 

ဒုတိယအချက်မှာ အထက်ဖော်ပြပါ တင်ပြချက်အတိုင်း နည်းလမ်းတစ်ခုဖြင့် အခြားနည်းသုံးစွဲခွင့်၊ ခွင့်ပြု မိန့် ရရှိထားပြီးဆိုပါက နိုင်ငံတော်၏ ယခင်ပြဋ္ဌာန်းခဲ့သော ဥပဒေ၊ နည်းဥပဒေများအရသော် လည်းကောင်း၊ ယခု တည်ဆဲဥပဒေ၊ နည်းဥပဒေများအရသော်လည်းကောင်း အမည်ပေါက် မြေပိုင်ဆိုင်သူ မြေပိုင်ရှင်အဖြစ် မှတ်သား၍ မရနိုင်သေးသည်ဆိုသည့်အချက်ကို လူအများ သတိမမူမိကြပါ။ ထိုအချိန်တွင် အဆိုပါမြေမှာ အမိန့်စာများအရ ဆိုင်ရာဆိုင်ခွင့် တစ်ရပ်သာတည်ရှိပြီး ပိုင်ရေး၊ ပိုင်ခွင့် မရရှိသေးဟု ဆိုရပါမည်။ ။

 

မြေယာတစ်ရပ်ပိုင်ခွင့် ရရှိဖို့အတွက်

 

မြေယာတစ်ရပ်အတွက် ပိုင်ရေး၊ ပိုင်ခွင့်ရရှိရန်မှာ အဓိကအရေးကြီးသော အချက်ဖြစ်ပါသည်။ အခြားနည်း သုံးစွဲခွင့် ရရှိပြီးဖြစ်ပါက ရရှိထားသည့် သတ်မှတ်ချက် အတိုင်း လုပ်ငန်းများအပြီးတိုင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ မိမိအသုံးပြုသည့် နည်းလမ်းအလိုက် သတ်မှတ်သည့် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း မြေယာအမည်ပေါက် ပိုင်ဆိုင်ခွင့်ရရှိ ရေး (ဥပမာအားဖြင့် မြေလွှဲအမိန့် ရရှိရန်လျှောက်ထားခြင်း၊ မြေငှားဂရန်ရရှိရန် လျှောက်ထားခြင်း စသည်အားဖြင့်) ဆက်လက်ဆောင်ရွက်ကြရန် မလွဲမသွေလိုအပ်ပါသည်။ သို့မှသာ နောင်တစ်ချိန်အ ရှုပ်အရှင်းဖြစ်လာပါက လက်ဝယ်တရားဝင် ပိုင်ဆိုင်ထားသည့် မြေယာအတွက် ဥပဒေနှင့်အညီ ခိုင်မာစွာကာကွယ်နိုင်ခြင်း၊ ပိုင်ဆိုင်သူ၏ စိတ်ကြိုက်လွှဲပြောင်းနိုင်ခြင်း အစရှိသောကိစ္စရပ်များကို ချောမွေ့စွာဖြင့် အချိန်မရွေးအခါမရွေး လွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

 

လက်ရှိ လူပုဂ္ဂိုလ်/ အဖွဲ့ အစည်း/ ဌာနဆိုင်ရာများ အနေဖြင့် အထက်ဖော်ပြပါလုပ်ငန်းစဉ်များအား ကုန်စင်အောင် လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ကြဘဲ လန-၃၉ အဆင့်၌ပင် ပိုင်ဆိုင်ပြီဟုယူဆ၍ ဆက်လက်ဆောင်ရွက်ခြင်း မရှိကြပါသဖြင့် ယခုတိုင် ဖြေရှင်း၍မဆုံးဖြစ်နေသော လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှု ဆိုင်ရာ ပြဿနာများအတွက် အရင်းခံအချက်တစ်ချက် အဖြစ် ဖြစ်ပေါ်လျက်ရှိပါသည်။ ။

 

ဖော်ပြပါ တင်ပြချက်များအပေါ် အကျဉ်းချုံးတင်ပြရပါလျှင် အခြားနည်းသုံးစွဲခွင့် လုပ်ငန်းမလျှောက်ထားမီ မိမိအမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်လုပ်ငန်းကို မှန်ကန်စွာရွေးချယ်ရပါမည်။ မိမိ၏ ဆုံးဖြတ်ရွေးချယ်မှုအပေါ် အခြားနည်းသုံးစွဲခွင့် ရရှိသည့်အခါ သတ်မှတ်ကာလအတွင်း လယ်ယာမြေဆိုပါက တည်ဆဲလယ်ယာမြေဥပဒေအရ ၆ လအတွင်း စတင် အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများဆိုပါက ၄ နှစ်အတွင်း အပြီး ဆောင်ရွက်ရပါမည်။ သတ်မှတ်ချက်အချိန်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ရန် အရေးကြီးပါသည်။ ခွင့်ပြုလုပ်ငန်းမှ အခြားလုပ်ငန်းသို့ ပြောင်းလဲဆောင်ရွက်နိုင်ရန်အတွက် တည်ဆဲဥပဒေများအရ ခွင့်ပြုထားမှုမရှိဟု ဆိုရပါမည်။ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ဥပဒေ၏ အကာအကွယ်ကို အပြည့်အ၀ရမည်ဖြစ်ပါသည်။ လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက ဥပဒေပါ စည်းမျဉ်းစည်းကမ်း အတိုင်း လုပ်ကိုင်ခွင့်ကို ရုပ်သိမ်းခြင်း၊ အရေးယူခြင်းများ ခံစားရနိုင်ပါသည်။ ယခုကဲ့သို့ မြေလွှဲပြောင်းနိုင်မှုနှင့် လုပ်ငန်းပြောင်းလဲနိုင်မှု ပြဋ္ဌာန်းမထားခြင်းမှာ အခြားနည်း သုံးစွဲခွင့်ပြုမိန့်အား ရောင်းကုန်သဖွယ် မဖြစ်ရလေအောင် ဟန့်တားထားခြင်းသာဖြစ်ကြောင်း သုံးသပ်တွေ့ရှိပါ သည်။

 

အခြားနည်းသုံးစွဲခွင့်ပြုမိန့်သည် ရောင်းကုန်မဖြစ်သင့်ပါ

 

အခြားနည်းသုံးစွဲခွင့်၏ သဘောသဘာဝကို သုံးသပ်ကြည့်ပါက နိုင်ငံတော်က နိုင်ငံသားများကို ဥပဒေနှင့်အညီ ဆောင်ရွက်ခွင့်ပေးထားမှု အခွင့်အရေးပင် ဖြစ်ပါသည်။ နိုင်ငံသားတိုင်း မြေရာတစ်ရပ်ကို ဥပဒေပါသတ်မှတ်ချက် များနှင့် ညီညွတ်မည်ဆိုပါက မိမိတို့စိတ်ကြိုက် ရွေးချယ်ဆောင်ရွက်လုပ်ကိုင်ခွင့်ရှိပါသည်။ သို့သော် မိမိစိတ်ကြိုက် ဆုံးဖြတ်ရွေးချယ်ခဲ့သော လုပ်ငန်းအတိုင်းသာ ဥပဒေနှင့် အညီသတ်မှတ်ကာလအတွင်း ပြီးဆုံးအောင် ဆောင်ရွက်ရပါမည်။ အခြားနည်းသုံးစွဲခွင့်ပြုမိန့်ကို ရောင်းကုန်သဖွယ် မဖြစ်သင့်ပါ။ တစ်ဖက်တွင်လည်း အချို့ သော အချိန်ကာလ များက ခွင့်ပြုမိန့်ချမှတ်နိုင်သူ အဖွဲ့ အစည်းများအနေဖြင့် အထက်ပါဥပဒေအရ နိုင်ငံသားများ တညီတညွတ်တည်း ခံစားနိုင်သည့်အခွင့်အရေးကို လိုအပ်ချက်တစ်ခုအတွက် ထိန်းချုပ်၍ ဆောင်ရွက်ခဲ့ကြခြင်းသည် အခြားနည်းသုံးစွဲ ခွင့်ပြုမိန့်အား အခြေအနေအရ ရောင်းကုန်သဖွယ် ဆောင်ရွက်ခဲ့မှုဟု ဆိုရမည့်သဘော ဖြစ်ခဲ့ပါသည်။

 

နိဂုံးချုပ်အားဖြင့် တင်ပြရပါလျှင် အခြားနည်းသုံးစွဲခွင့် လန-၃၉ ဟုခေါ်ဆိုနေသော ပုံစံ(၃၃)၏ ခေါင်းစဉ်မှာ “လယ်ယာမြေကို သတ်မှတ်သည့်နည်းလမ်းအတိုင်း အသုံးချရန် ဆင့်ဆိုသောအမိန့်”ဟု လည်းကောင်း၊ ပုံစံ(၅၈) ခေါင်းစဉ်မှာ “လယ်ယာလုပ်ကိုင်နိုင်သော မြေရိုင်းများကို လယ်ယာစိုက်ပျိုးမှုမှအပ အခြားလုပ်ငန်း တစ်ခုခုအတွက် အသုံးပြုရန် ခွင့်ပြုသောအမိန့်စာ” ဟုလည်းကောင်း၊ လယ-၃၀ (ပုံစံ-၁၅) ၏ ခေါင်းစဉ်မှာ “လယ်မြေအား အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့်” ဟု လည်းကောင်း၊ ပုံစံ-၁၅(က) ၏ခေါင်းစဉ်မှာ “လယ်မြေမှတစ်ပါး လယ်ယာမြေအား အခြားနည်းဖြင့် အသုံးပြုရန်ခွင့်ပြုမိန့်" ဟု လည်းကောင်း၊ ယခုကာလ၌ မြေလွတ်၊ မြေလပ်နှင့်၊ မြေရိုင်းများအား အခြားနည်းခွင့်ပြုသော ပုံစံ(၁၅) ၏ ခေါင်းစဉ်မှာ “အစိုးရခွင့်ပြုသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပြုသောခွင့်ပြုမိန့်” ဟုသာ ဖော်ပြထားပါသည်။ ထိုအမိန့် စာပါ စကားရပ်များကို အသေအချာ ဖတ်ရှုဆင်ခြင်ပါက အသုံးပြုခွင့်ပေးသော အမိန့်စာမျှသာ ဖြစ်ကြောင်း သုံးသပ်နိုင်ပါသည်။ ပိုင်ဆိုင်ခွင့်ဆိုသည့် စကားရပ် လုံးဝမပါရှိကြောင်း တွေ့မြင်နိုင်ပါသည်။

 

ထို့အတွက် အဆိုပါ အခြားနည်းအသုံးပြုခွင့် အမိန့်စာ/ ခွင့်ပြုချက်များဖြစ်သော လန-၃၉ (ပုံစံ ၃၃/၅၈)၊ လယ-၃၀၊ လယ-၃၀(ခ)၊ ပုံစံ(၁၅)စသည်တို့မှာ မြေမျိုးကြီး ပြောင်းလဲသုံးစွဲခွင့် အမိန့်စာမျှသာ ဖြစ်ပါသည်။ တစ်နည်းဆိုသော် ဆိုင်ရာဆိုင်ခွင့်မျှသာဖြစ် ပါလိမ့်မည်။ ပိုင်ရေးပိုင်ခွင့် လက်မှတ်လုံးဝမဟုတ်သေးပါ။ အဆိုပါ အမိန့်စာကို အခြေခံ၍ကာယကံရှင်များအနေဖြင့် မိမိ၏ပိုင်ရေး၊ ပိုင်ခွင့်အတွက် ခွင့်ပြုချက်အရ အကောင်အထည်ဖော်ထားသည့် နည်းလမ်းအလိုက် သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အမည်ပေါက် ပိုင်ဆိုင်ရေး မပျက်မကွက် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း အသိပေးမျှဝေတင်ပြအပ်ပါသည်။ ။