အက်စ်ထရာဇနီကာ ကာကွယ်ဆေးကို ဂျပန်နိုင်ငံတွင် ထုတ်လုပ်ရန်ပြင်ဆင်

တိုကျို ၂၉ ဇန်နဝါရီ

ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်နေသည့် ဗြိတိန်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ အက်စ်ထရာဇနီကာ က ကာကွယ်ဆေးကို ဂျပန်နိုင်ငံတွင် အမြန်ဆုံးထုတ်လုပ်မှုစတင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း အဆိုပါဆေးကုမ္ပဏီသည် ကာကွယ်ဆေးသန်း၁၂၀ကို ထုတ်ပေး နိုင်ရန် ဂျပန်အစိုးရနှင့် စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်။ လာမည့် မတ်လတွင် ကာကွယ်ဆေး သန်း ၃၀ ကို ဂျပန်နိုင်ငံသို့ တင်သွင်းနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

ကာကွယ်ဆေးလိုအပ်ချက်ပြည့်မီရန်အတွက် ကုမ္ပဏီအချို့နှင့်အတူ လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လာမည့်အနာဂတ်တွင် ဂျပန်နိုင်ငံ၌ ကာကွယ်ဆေးထုတ်လုပ်မှု စတင်မည်ဖြစ်ကြောင်း အက်စ်ထရာဇနီကာ ဆေးကုမ္ပဏီက ပြောကြားခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရသည်နှင့်တစ်ပြိုင်နက် ဂျပန်နိုင်ငံတွင် ထုတ်လုပ်မည့် အက်စ်ထရာဇနီကာ ကာကွယ်ဆေးသန်း ၉၀ နှင့်အထက်ကို နိုင်ငံ၏ ကာကွယ်ဆေးထိုးအစီအစဉ် အတွက် ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။

အင်န်အိတ်ချ်ကေ