အကြားအာရုံကောင်းစေဖို့ လုပ်ဆောင်ပေးသင့်တာအချို့

၁၈  အောက်တိုဘာ

လူတွေရဲ့ လှုပ်ရှားလုပ်ဆောင်မှုတိုင်းက အမြင်၊အကြား၊အထိအတွေ့အာရုံတွေပေါ်မှာ အခြေခံတာပါ။ ဒီအာရုံတွေထဲက တစ်ခုခုသာ မကောင်းခဲ့ဘူးဆိုရင်နေ့စဉ်လှုပ်ရှားမှုမှာတော်တော်လေး ထိခိုက်မှာပါ။ ဒီတော့ အာရုံခံစားမှုတွေကာင်းဖို့က မဖြစ်မနေဂရုစိုက်ဖို့လိုမယ်ဆိုတာ ပြောနေစရာတောင်မလိုအောင်ပါပဲ။ ဒီတစ်ခေါက်တော့ အကြားအာရုံကောင်းစေဖို့အတွက် လုပ်ဆောင်သင့်တာလေးတွေကိုပြောပြပေးပါမယ်။

ဒီအချက်တွေကြောင့် အကြားအာရုံထိခိုက်စေနိုင်ပါတယ်

တစ်ခုခုမပြောခင် အရင်လုပ်ရတဲ့အလုပ်ကနားထောင်ရတာပါ။ နားလေးပဲခဏလောက် ပိတ်ထားကြည့်လိုက် ဘာပြောမှန်းမသိလို့ ဘယ်လိုတုံ့ပြန်ရမလဲ မသိဖြစ်သွားနိုင်တာသိပြီးဖြစ်မှာပါ။ ဒီတော့ အကြားအာရုံကိုကောင်းကောင်းဂရုစိုက်ဖို့ လိုအပ်မယ်ဆိုတာ အထွေအထူးတောင်ပြောနေစရာမလိုပါဘူး။

ဝက်သက်လိုမျိုးရောဂါပိုးကူးစက်ဖြစ်ပွားတာ
ကျယ်လောင်ဆူညံတဲ့အသံတွေ အမြဲနားထောင်နေရတာ
ဆေးမှားသောက်တာ
အသက်အရွယ်ကြီးရင့်လာတာ
မွေးရာပါအကြားအာရုံမကောင်းတာ
အဖျားကြီးတာ
လေဖြတ်တာ
ဦးနှောက်မှာ အကျိတ်တွေဖြစ်တာကြောင့် အကြားအာရုံဆုံးရှုံးနိုင်ပါတယ်။

ဒါတွေအပြင်

တစ်ခုခုနဲ့နားစည်ကို ထိုးမိတာ
နားဖာချေးတွေပိတ်နေတာ
နားပိုးဝင်ကူးစက်တာ
နားအတွင်းပိုင်းအရိုးထိခိုက်မိတာ
နားထဲကိုပြင်ပအရာဝတ္ထုတစ်ခုခုဝင်တာတွေကြောင့်လည်း အကြားအာရုံထိခိုက်စေနိုင်ပါတယ်။
အကြားအာရုံကောင်းစေဖို့လုပ်ဆောင်ပေးသင့်တာအချို့
အကြားအာရုံကောင်းစေဖို့နဲ့ပြန်လည်သန်စွမ်းလာစေဖို့ အခုပြောပြမယ့် နည်းလမ်းလေးတွေကအထောက်အကူပြုပေးနိုင်မှာပါ။

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်ပါဆိုလို့ Gym သွားခိုင်းတာမဟုတ်ပါဘူး။နေ့စဉ်ပုံမှန် တိတ်ဆိတ်တဲ့နေရာလေးမှာ ၁၅ မိနစ်လောက်လမ်းလျှောက်ပေးတာမျိုးက အကြာအာရုံကောင်းစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ မနက်ခင်းမှာနေရောင်နွေးနွေးလေးအေးအေးလေးကို တဝရှုသွင်းပြီး အကြားအာရုံကောင်းအောင် ကြိုးစားလိုက်ပါ။

ယောဂကစားပါ

ယောဂကကျန်းမာရေးအတွက်အထောက်အကူပြုတယ်ဆိုတာကတော့ အများကလက်ခံထားပြီးသားကိစ္စပါ။ယောဂကစားတာကြောင့်ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ အကြားအာရုံကောင်းစေတာကလည်း တစ်ခုအပါအဝင်ပါ။ယောဂကစားတာကြောင့် အကြားအာရုံနဲ့ ဦးနှောက်ကြားမှာ အကောင်းဆုံးချိတ်ဆက်ပေးနိုင်ပြီး အာရုံကြောတွေရဲ့လုပ်ဆောင်မှုကိုကောင်းမွန်စေနိုင်ပါတယ်။

ဗီတာမင်တွေပါအောင်စားသုံးပါ

အကြားအာရုံကောင်းစေဖို့အတွက်ဖောလစ်အက်ဆစ်၊ မဂ္ဂနီဆီယမ်၊ဇင့် နဲ့ ဗီတာမင် B တို့ပါဝင်အောင်စားသုံးရပါမယ်။ ဒါမှအကြားအာရုံအတွက်အရေးပါတဲ့ နားကို အကောင်းဆုံးကာကွယ်ပေးနိုင်ပြီး အကြားအာရုံကျန်းမာစေနိုင်မှာပါ။

ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်သူတွေဟာ သာမန်ထက် အကြားအာရုံဆုံးရှုံးနိုင်ခြေ ၂ ဆလောက်ပိုများနေပါတယ်။ဆေးလိပ်မျာပါတဲ့ နီကိုတင်းက နားအတွင်းပိုင်းမျာရှိတဲ့ ဆဲလ်တွေဆီသွေးစီးဆင်းရာက်ရှိမှုကို အဟန့်အတားဖြစ်စေနိုင်တာကြောင့်ပါ။ ဒါကြောင့် အကြားအာရုံကျန်းမာချင်ရင်ဆေးလိပ်ဖြတ်ပါ။

တရားထိုင်ပါ

ဆူညံသံတွေကင်းတဲ့နေရာမှာ တရားမှတ်တာက အကြားအာရုံကောင်းဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။ တရားမှတ်တဲ့အခါ အသက်ပြင်းပြင်းရှုတာကသွေးစီးဆင်းမှုကောင်းစေပြီး ကိုယ်တွင်းအောက်ဆီဂျင်ပမာဏကိုတိုးစေနိုင်ပါတယ်။ အသံတစ်ခုခုကိုအာရုံစိုက်လို့ ဝင်သက်ထွက်သက်မှတ်ပြီး အသံလာရာဆီကိုအာရုံစူးစိုက်နားထောင်ပေးပါ။

သီချင်းတွေကို အသံကျယ်ကျယ်နားမထောင်ပါနဲ့

သီချင်းတွေကို အသံကျယ်ကျယ်နားထောင်တာက စိတ်လွတ်လပ်ပေါ့ပါးစေတယ်ဆိုပေမယ့် အရမ်းကျယ်လွန်းတဲ့အသံတွေက နားစည်ကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သီချင်းကြိုက်တယ်ဆိုရင်တောင် အသံအကျယ်ကြီးနားမထောင်ပါနဲ့။ နားကြပ်တပ်လို့နားထောင်တဲ့အခါ ပိုပြီး သတိထားပါ။ ဆူညံကျယ်လောင်တဲ့အသံတွေက အကြားအာရုံကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။

ရေးသားသူ - Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ-  Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”