အိုးထရက်ဖို့ဒ်ကွင်း၌ ဆောက်သမ်တန်ကို သရေသာ ကစားနိုင်ခဲ့သည့် မန်ယူ

ဖေဖော်ဝါရီ  ၁၃

ပရီမီယာလိဂ်ပွဲစဉ်(၂၅)တွင် မန်ယူအသင်းနှင့် ဆောက်သမ်တန် အသင်းတို့ပွဲစဉ်ကို ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းက အိုးထရက်ဖို့ဒ်ကွင်း၌ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျကာ ပွဲပြီးဆုံးခဲ့သည်။

ယခုပွဲစဉ်တွင် မန်ယူအသင်းသည် ဂိုးရရှိနိုင်သည့် အပိုင်အခွင့်အရေး လေးကြိမ်ထက်မနည်း ရရှိခဲ့သော်လည်း တိုက်စစ်ကစားသမားများ အဆုံးသတ်လိုအပ်ချက်ရှိနေသဖြင့် သွင်းဂိုးများနှင့် ဝေးကွာခဲ့ရသည်။ ထို့အပြင် ပေါ့ဂ်ဘာနှင့် စီရော်နယ်ဒိုတို့ ဂိုးသွင်းယူနိုင်ခဲ့သော်လည်း လူကျွံဘောအဖြစ် သတ်မှတ်ခဲ့သည့်အတွက် နစ်နာခဲ့ရသည်။

ပထမပိုင်းတွင် မန်ယူအသင်းက ဖိအားပေးကစားနိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ဆောက်သမ်တန် အသင်းက ပြန်လည်ဖိအားပေး ကစားနိုင်ခဲ့သည်။ ဦးဆောင်ဂိုးကို မန်ယူအသင်းက စတင်ရရှိခဲ့ပြီး ပွဲချိန် ၂၁ မိနစ်တွင် ရက်ဖို့ဒ်၏ ဖန်တီးမှုမှ တစ်ဆင့် ဆန်ချိုက သွင်းယူပေးခဲ့သည်။

သို့သော်လည်း ဒုတိယပိုင်းပြန်လည် စတင်ပြီး မကြာမီ ဆောက်သမ်တန်အသင်း ချေပဂိုးရရှိခဲ့ပြီး ချီအဒမ်စ်က သွင်းယူပေးခဲ့သည်။ ထို့နောက် မန်ယူအသင်းရော ဆောက်သမ်တန်အသင်းပါ လူစားလဲမှုများ ပြုလုပ်ကာ ဂိုးရရှိရေး ကြိုးစားလာသော်လည်း နှစ်ဖက်ကစားသမားများ အဆုံးသတ် အားနည်းမှုကြောင့် တစ်ဖက် တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့ခြင်း ဖြစ်သည်။

မန်ယူအသင်းသည် ယခုပွဲသရေကျမှု ကြောင့် ပရီမီယာလိဂ် ၂၄ ပွဲကစားပြီး ရမှတ် ၄၀ သာ ရရှိထားသောကြောင့် လာမည့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန်အတွက် လက်ကျန်ပွဲစဉ်များကို အနိုင်ရရှိရေး ရုန်းကန်ရတော့မည် ဖြစ်သည်။ ပြိုင်ဘက် ဆောက်သမ်တန် အသင်းက ၂၄ ပွဲကစားပြီး ၂၉ မှတ်ရရှိထားသည်။

အောင်ဇော်