အိုးသစ်၊ အိမ်သစ်တို့ဖြင့်အခြေကျ အနေလှလာတော့မည့်မြိုတိုင်းရင်းသားများ

နေပြည်တော် ၃ ဇန်နဝါရီ

 

မောင်တောမြို့နယ်အတွင်း တောင်ပေါ်ဒေသများတွင် နေထိုင်သော မြို၊ ခမီ၊ သက်၊ ဒိုင်းနက် အစရှိသည့် တိုင်း ရင်းသားများအား  လူမှုဘဝဖွံ့ဖြိုးတိုးတက်ရန်နှင့် ပိုမို လုံခြုံမှုရှိစေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက တာဝန်ယူကာ လုံးချင်းအိမ်များ စတင်ဆောက်လုပ်ပေးလျက်ရှိသည်။

 

မောင်တော မြို့နယ်တောင်ပိုင်း မောင်တောအငူမော် လမ်းဘေးဝဲယာတို့တွင် မြိုတိုင်းရင်းသားများနေထိုင်ရန်အတွက် ကိုင်းကြီးကျေးရွာသစ်ကိုတည်ဆောက်လျက်ရှိသည်။အဆိုပါ ကျေးရွာသစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နေအိမ် အလုံး ၅၀၊  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့်နေအိမ် ၆၄ လုံးတည်ဆောက်ပေးလျက် ရှိသည်။ ထို့အပြင်အဆိုပါ ကျေးရွာ၌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က စာသင်ကျောင်းတစ်ကျောင်း၊ စေတနာရှင် အလှူရှင် တစ်ဦး၏ အလှူငွေဖြင့် ကျေးလက်ဆေးပေးခန်းကိုလည်း ထည့်သွင်းတည်ဆောက်လျက်ရှိသည်။

 

အလားတူ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်း -ခမောင်းဆိပ်လမ်းအနီးတွင် မြိုတိုင်းရင်းသားကျေးရွာသစ်များ စတင်တည်ဆောက်ပေးလျက်ရှိသည်။ ထို့ပြင် ခမင်းကြီးရွာကို ခမောင်းဆိပ်-တောင်ပြိုသွားသည့် လမ်းဘေး၌ တည်ဆောက် နေပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက ရခိုင်တိုင်းရင်းသားများအတွက်နေအိမ် ၄၅ လုံး တည်ဆောက်သွားမည်ဖြစ်ပြီး မြဝတီကျေးရွာတွင်လည်း မြို၊ ခမီ၊ ဒိုင်းနက်၊ ချင်းလူမျိုးများအတွက် နေအိမ်များ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့အတူ သစ်တုံးနားခွဆုံကျေးရွာတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်နေအိမ် ၄၄ လုံးကို စတင်တည်ဆောက်ပေးလျက်ရှိပြီး ခမောင်းဆိပ်-ကြိမ်ချောင်းလမ်းပေါ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနကတာဝန်ယူလျက် ခုံတိုင်မြိုတိုင်းရင်းသားကျေးရွာကို စတင်တည်ဆောက်လျက်ရှိသည့်အပြင် စာသင်ကျောင်းနှင့် ဆေးပေးခန်းများကိုပါ ထည့်သွင်း တည်ဆောက်ပေးလျက်ရှိသည်။

 

ဤသို့ကျေးရွာသစ်များ စုစုစည်းစည်း ထူထောင်ပေးလိုက်ခြင်းကြောင့် နေထိုင်မှုပုံစံသစ်များဖြင့် လူမှုဘဝများပြောင်းလဲ လာတော့မည် ဖြစ်သည်။

 

မြင့်မောင်၊ဇေယျာ

 

ဓာတ်ပုံ နေဝင်းထွန်း