အိုမီခရွန်နှင့်ပတ်သက်၍  စိုးရိမ်ပူပန်မိကြောင်း တောင်အာဖရိက သမ္မတပြော

ကိဗ်တောင်း နိုဝင်ဘာ ၃၀

 

အိုမီခရွန် မျိုးကွဲကြောင့် ပြည်သူများ ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန် တောင်အာဖရိက သမ္မတ ဆီရယ်ရမ်မာဖိုဆာက နိုဝင်ဘာ ၂၉ ရက်တွင် ပြည်သူများကို တိုက်တွန်း ခဲ့သည်။

 

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်း အိုမီခရွန်ကို စိုးရိမ်စရာကောင်းသည့် ကိုဗစ် - ၁၉ မျိုးကွဲဟု ပြောသည်။ တောင်အာဖရိကတွင် ပြီးခဲ့သည့် ၇ ရက်တာကာလအတွင်း ကူးစက်မှုများ များပြားလာမှုကြောင့် စိုးရိမ်စရာကောင်းသည်ဟုလည်း တောင်အာဖရိက သမ္မတက ပြောသည်။

 

ပြီးခဲ့သည့် သီတင်းပတ် ကထက် ကူးစက်မှုသုံးဆ ပိုမိုဖြစ်ပေါ်ခဲ့သည်။ သို့သော်လည်း တောင်အာဖရိက နိုင်ငံသားများ အကြောက်မလွန်ကြရန်လည်း သမ္မတက ပြောသည်။

 

ပြည်သူများ ကာကွယ်ဆေးထိုး ရန်တိုက်တွန်းခဲ့ပြီး အရွယ်ရောက်ပြီး သူ ၄၁ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးပြီးပြီဖြစ်ကြောင်းကိုလည်း ၎င်းက ဆက်ပြောသည်။

 

အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ခြင်းနှင့် လူစုလူဝေးများကိုရှောင်ရှားကြရန်လည်း ၎င်းက ဆက်ပြောသည်။

 

တောင်အာဖရိကအပေါ် အချို့သောနိုင်ငံများက ခရီးသွားလာခွင့်ဆိုင်ရာ ပိတ်ပင်မှုများ ပြုလုပ်ခဲ့ရာ မမျှတသည့် ခွဲခြားဆက်ဆံမှုဟု ၎င်းက ပြောကြားသည်။

 

ချမ်းသာသည့် တိုင်းပြည်များသည် ကာကွယ်ဆေး သာတူညီမျှ ရရှိစေရေးအတွက် ကြိုးပမ်း အားထုတ်ရမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

 

အင်န်အိတ်ချ်ကေ