အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခြင်း ရှိ၊ မရှိ အချိန်တိုအတွင်း စစ်ဆေးသိရှိနိုင်မည့် ရောဂါရှာဖွေစမ်းသပ်ရေးကိရိယာ တောင်ကိုရီးယားထုတ်လုပ်

ဆိုးလ် ဒီဇင်ဘာ ၂၅

လူ့ခန္ဓာကိုယ်အတွင်းအိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခြင်း ရှိ၊ မရှိ အချိန် ၃ နာရီမှ ၄ နာရီအတွင်း စစ်ဆေးသိရှိနိုင်မည့် ရောဂါရှာဖွေစမ်းသပ်ရေး ကိရိယာတစ်ခုအား ထုတ်လုပ်နိုင်ခဲ့ကြောင်း တောင်ကိုရီးယား ကျန်းမာရေးတာဝန်ရှိသူများက ယနေ့ပြောကြားသည်။

ရောဂါပိုးမွှား၏မျိုးရိုးဗီဇဆိုင်ရာ အချက်အလက် များအား စစ်ဆေးရှာဖွေခြင်းနည်းစနစ်ကို အခြေခံသော အဆိုပါရောဂါရှာဖွေ စမ်းသပ်ရေးကိရိယာသည် အခြားဗီဇပြောင်းဗိုင်းရပ်စ်များဖြစ်သော အယ်လ်ဖာ၊ ဘီတာ၊ ဂန်မာနှင့် ဒယ်လ်တာဗိုင်းရပ်စ် ကူးစက်မှုများကိုလည်း ရှာဖွေဖော်ထုတ်နိုင်ကြောင်း တောင်ကိုရီးယား ရောဂါပိုးမွှား ကာကွယ်ထိန်းချုပ်ရေးအေဂျင်စီက ပြောကြားသည်။

ယခုဆောင်ရွက်ချက် အောင်မြင်ခဲ့ပါက တောင်ကိုရီးယားနိုင်ငံသည် ရောဂါပိုးမွှား၏ မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်များအား စစ်ဆေးရှာဖွေခြင်းနည်းစနစ်အား အသုံးပြုပြီး ဗီဇပြောင်းဗိုင်းရပ်စ်ငါးမျိုးကို တစ်ပြိုင်နက်တည်း စစ်ဆေးနိုင်သော ကမ္ဘာ့ပထမဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်လာမည် ဖြစ်သည်။ ပုံမှန်အားဖြင့် ရောဂါပိုးမွှား၏ မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်များအား စစ်ဆေးရှာဖွေခြင်း နည်းစနစ်ဖြင့် ရောဂါရှာဖွေပါက အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း သိရှိနိုင်ရန် အချိန်သုံးရက်မှ ငါးရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း တောင်ကိုရီးယား ရောဂါပိုးမွှား ကာကွယ်ထိန်းချုပ်ရေး အေဂျင်စီအကြီးအကဲ ဂျန်းအန်ကျွမ်းက ပြောကြားသည်။

ယခုထုတ်လုပ်သည့် ရောဂါရှာဖွေစမ်းသပ်ရေး ကိရိယာများအား နိုင်ငံအတွင်းရှိ ဒေသန္တရ ကျန်းမာရေးစင်တာငါးခုနှင့် ပြည်သူ့ကျန်းမာရေး သုတေသနအင်စတီကျူ ၁၈ ခုသို့ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ