အိုလံပစ်ခြေစစ်ပွဲယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ပဏာမ ၂၆ ဦးဖြင့် ဖွဲ့စည်း

၁၉ ဒီဇင်ဘာ

ဖေဖော်ဝါရီတွင် ကျင်းပမည့် ၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံး တတိယအဆင့် ခြေစစ်ပွဲယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ပဏာမကစားသမား ၂၆ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမိုးသည် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ကစားသမား ၂၀ ကို အခြေခံကာ ကစားသမားသစ် ခြောက်ဦး အားဖြည့်ကာ ၂၆ ဦးဖြင့် ဖွဲ့စည်း ခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်သည်။ 
မြန်မာအမျိုးသမီး အသင်းသည် အိုလံပစ် ခြေစစ်ပွဲရှိသောကြောင့် ဆီးဂိမ်းပြိုင်ပွဲအပြီးတွင် နှစ်ပတ်သာ နားရက်ရခဲ့ပြီး ဒီဇင်ဘာစတုတ္ထပတ်တွင် ပြန်လည်လေ့ကျင့်ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် အိုလံပစ်ခြေစစ်ပွဲအတွက် ပြင်ဆင်ချိန် ငါးပတ်ကျော်သာရမည်ဖြစ်ပြီး ခြေစစ်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲအချို့နှင့် ပြည်တွင်းခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

အိုလံပစ် တတိယအဆင့်ခြေစစ်ပွဲကို ဖေဖော်ဝါရီ ၃ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စု (က) ပွဲစဉ်များကို တောင်ကိုရီးယားနိုင်ငံ၊ အုပ်စု (ခ) ပွဲစဉ်များကို တရုတ်နိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။

မြန်မာအသင်းသည် အုပ်စု (က) တွင် မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ ဗီယက်နမ်တို့နှင့် ကျရောက်နေပြီး အုပ်စု (ခ) တွင် သြစတြေးလျ၊ တရုတ်၊ ထိုင်းနှင့် တရုတ်တိုင်ပေတို့ ပါဝင်နေကာ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းသည် နောက်ဆုံးအဆင့် Play-off ခြေစစ်ပွဲသို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။

 အိုလံပစ်ခြေစစ်ပွဲအတွက် ဖွဲ့စည်းလိုက်သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် နည်းပြချုပ်-ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြ-ဦးခင်မောင်ထွေး၊ ဒေါ်သန်းသန်းထွေး၊ ဒေါ်မာလာဝင်း၊ ဂိုးနည်းပြ- ဦးမြကိုမင်း၊ ဂိုး-မြဖူးငုံ၊ မေဇင်နွယ်၊ ဇူးလဲ့နဒီ၊ နောက်တန်း-အိရတနာဖြိုး၊ အေးအေးမိုး၊ ဝေေ၀အောင်၊ ချစ်ချစ်၊ ခင်သန်းဝေ၊ ခိုင်သဇင်၊ ဖြူဖြူဝင်း၊ ဇွန်ယုယဦး၊ ခင်မျိုးဝင်း၊ မိုးမမစိုး၊ အလယ်တန်း-ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ သင်းသင်းယု၊ နုနု၊ ခင်မိုးဝေ၊ ငယ်ငယ်ထွေး၊ မြတ်နိုးခင်၊ နော်ထက်ထက်ဝေ၊ မိုးမိုးသန်း၊ ရှေ့တန်း-ဝင်းသိင်္ဂီထွန်း၊ ရီရီဦး၊ ဂျူလိုင်ကျော်၊ စန်းသော်သော်တို့ ပါဝင်ကြသည်။ မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမိုးသည် ဆီးဂိမ်းစ်ပြိုင်ပွဲ ကြေးတံဆိပ်ဆုရ ကစားသမား ၂၀ ကို အခြေခံကာ ဇူးလဲ့နဒီ (ဂိုး)၊ နော်ထက်ထက်ဝေ၊ ဇွန်ယုယဦး၊ မိုးမိုးသန်း၊ ခင်မျိုးဝင်းနှင့် မိုးမမစိုးတို့ကို အားဖြည့်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်