အိုလံပစ်ခြေစစ်ပွဲတွင် မြန်မာအမျိုးသမီးအသင်း အင်ဒိုနီးရှားကို ဂိုးပြတ်သွင်း

နေပြည်တော် ၆ ဧပြီ

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၀ အိုလံပစ် အမျိုးသမီးဘောလုံး ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု (က) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ကျင်းပရာ အိမ်ရှင်မြန်မာနှင့် အိန္ဒိယအသင်း ဂိုးပြတ်အနိုင်ရခဲ့သည်။

 

မြန်မာအမျိုးသမီးအသင်းသည် အင်ဒိုနီးရှားအသင်းကို ခြောက်ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သောကြောင့် နောက်တစ်ဆင့်တက်ရန် အခြေအနေကောင်းသွားခဲ့သည်။ မြန်မာအသင်းသည် အင်ဒိုနီးရှားအသင်းကို ခြေအသာဖြင့်ကစားကာ ဂိုးဒါဇင်ဝက်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းပါဝင်သည့် အုပ်စုတွင် နှစ်ပွဲဆက် အနိုင်ရထားသည့် မြန်မာနှင့် အိန္ဒိယအသင်းမှာ တတိယအဆင့် ခြေစစ်ပွဲတက်ရောက်ရန် အပြိုင်ဖြစ်နေပြီး နောက်ဆုံးပွဲမှာ အဆုံးအဖြတ် ဖြစ်လာမည်ဖြစ်သည်။

 

မြန်မာအမျိုးသမီးအသင်းသည် နီပေါအသင်းကို အနိုင်ရခဲ့သည့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့သော်လည်း တိုက်စစ်တွင် ဝင်းသိဂီထွန်း၊ ရီရီဦး၊ ခင်မိုးဝေ၊ ခင်မာလာထွန်းတို့ကို အသုံးပြုကာ ပွဲစကတည်းက တိုက်စစ်အားပြုကစားခဲ့သည်။ ပွဲအစ ၁ မိနစ်မှာပင် အသင်းခေါင်းဆောင် ခင်မာလာထွန်းက ဂိုးစတင် သွင်းယူခဲ့သောကြောင့် မြန်မာအသင်း ဖိအားမရှိတော့ဘဲ ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့သည်။ အင်ဒိုနီးရှားအသင်းသည် တန်ပြန်တိုက်စစ်ဖြင့် ဂိုးရရန် ကြိုးပမ်းသော်လည်း မြန်မာအသင်းက ထိန်းချုပ်နိုင်ခဲ့ပြီး ဒုတိယဂိုး ပေးလိုက်ရပြီးနောက်ပိုင်းတွင် ခံစစ်၌သာ အချိန်ကုန်ခဲ့သည်။

 

၁၇ မိနစ်တွင် မြန်မာအသင်း ဒုတိယဂိုးရခဲ့ပြီး ရီရီဦးက သွင်းယူခဲ့ကာ တတိယဂိုးကိုမူ ၃၁ မိနစ်တွင် ဝင်းသိဂီထွန်းက သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင်လည်း မြန်မာအသင်းကသာ ဆက်လက်ဖိကစားနိုင်ခဲ့ပြီး ၄၆ မိနစ်တွင် ခင်မာလာထွန်းက စတုတ္ထဂိုး ထပ်မံသွင်းယူခဲ့သည်။ ၆၄ မိနစ်နှင့် ၇၃ မိနစ်တွင် ရီရီဦးက နှစ်ဂိုးဆက်သွင်းယူကာ ဟက်ထရစ်ရခဲ့သလို မြန်မာအမျိုးသမီးအသင်းလည်း ခြောက်ဂိုးပြတ်အနိုင်ရခဲ့သည်။

 

ပထမပွဲတွင် အိန္ဒိယအသင်းက နီပေါအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယခုပွဲအပြီးတွင် မြန်မာအသင်းနှင့် အိန္ဒိယအသင်းက နှစ်ပွဲနိုင်၊ ခြောက်မှတ်စီရထားပြီး နီပေါနှင့် အင်ဒိုနီးရှားအသင်းမှာ နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးတစ်သင်းသာ နောက်ဆုံးအဆင့်သို့ တက်ရောက်မည်ဖြစ်သောကြောင့် မြန်မာအသင်းအနေဖြင့် နောက်ဆုံးပွဲတွင် ရလဒ်ကောင်းရန် လိုအပ်နေသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-MFF