အိုလံပစ်အမျိုးသမီးခြေစစ်ပွဲ ဒုတိယပွဲအဖြစ် မြန်မာနှင့် အင်ဒိုနီးရှား ဧပြီ ၆ ရက်တွင် ကစားမည်

၅ ဧပြီ

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံး ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စု (က) ဒုတိယနေ့ကို ဧပြီ ၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာ အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

မြန်မာအသင်းသည် အဖွင့်ပွဲတွင် နီပေါအသင်းကို အနိုင်ရခဲ့သောကြောင့် နောက်တစ်ဆင့်တက်ရောက်ရန် အခွင့်အရေးကောင်းသွားသော်လည်း လက်ကျန်နှစ်ပွဲစလုံး အရေးပါနေသောကြောင့် မဖြစ်မနေ နိုင်ပွဲရယူနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။

 

အင်ဒိုနီးရှားအသင်းသည် ယင်းအုပ်စုတွင် အင်အားအနည်းဆုံးအသင်းဖြစ်သော်လည်း အိန္ဒိယအသင်းကို နှစ်ဂိုးဖြင့်သာ ရှုံးခဲ့သောကြောင့် မြန်မာအသင်းအနေဖြင့် ပေါ့ဆ၍မရဘဲ ဖိဖိစီးစီးကစားမှသာ ဂိုးပြတ်အနိုင်ရ မည်ဖြစ်သည်။ ခြေစစ်ပွဲကျင်းပသည့်ပုံစံအရ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးတစ်သင်းစီသာ တတိယ အဆင့်ခြေစစ်ပွဲသို့ တက်ရောက်မည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် လက်ကျန်နှစ်ပွဲဖြစ်သည့် အင်ဒိုနီးရှား၊ အိန္ဒိယတို့နှင့် နှစ်ပွဲစလုံး အမှားလုပ်၍ မရပေ။

 

မြန်မာအသင်းတိုက်စစ်မှူး ဝင်းသိဂီထွန်းက ''နီပေါအသင်းကို အနိုင်ရခဲ့ပေမယ့် ခြေစွမ်းအရ အကောင်းဆုံး အနေအထားမှာ မရှိသေးပါဘူး။ ဒါကြောင့် အကောင်းဆုံးပုံစံရဖို့ ကြိုးစားနေပါတယ်။ တိုက်စစ်ကလည်း ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်အောင်နဲ့ ဂိုးတွေရသလောက်သွင်းနိုင်အောင် ကြိုးစားမှာပါ''ဟု ပြောကြားခဲ့သည်။

 

ဒုတိယနေ့ကို မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ညနေ ၃ နာရီတွင် အိန္ဒိယအသင်းနှင့် နီပေါအသင်း၊ ညနေ ၆ နာရီတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်