အိုလံပစ် တတိယအဆင့်ခြေစစ်ပွဲ တက်ရောက်ရေး အဆုံးအဖြတ်ပွဲအဖြစ် မြန်မာနှင့် အိန္ဒိယ မနက်ဖြန် ယှဉ်ပြိုင်ကစားမည်

၈ ဧပြီ

 

၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံး ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စု (က) နောက်ဆုံးနေ့ကို ဧပြီ ၉ ရက် နေ့တွင်  ဆက်လက်ကျင်းပမည်ဖြစ်ပြီး တတိယအဆင့်တက်ရောက်ရေး အဆုံးအဖြတ်ပွဲအဖြစ် မြန်မာနှင့် အိန္ဒိယအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

ယင်းအုပ်စုတွင် အုပ်စုဒုတိယနေ့ပြီးကတည်းက နောက်တစ်ဆင့်တက်ရန် မျှော်လင့်ချက်ရှိသည့်အသင်းမှာ မြန်မာနှင့် အိန္ဒိယအသင်းတို့သာ ကျန်ရှိတော့ပြီး ခြောက်မှတ်စီဖြင့် အပြိုင်ဖြစ်နေခြင်းဖြစ်သည်။ နှစ်ပွဲစလုံးရှုံးထားသည့် နီပေါအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့မှာ ဂုဏ်သိက္ခာအတွက်သာ ယှဉ်ပြိုင်ကစားရတော့မည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် အိန္ဒိယအသင်းနှင့် ရမှတ်တူနေသော်လည်း ဂိုးကွာခြားချက်တွင် အသာရထားသောကြောင့် သရေကစားရုံဖြင့် နောက်တစ်ဆင့်တက်ရောက်ခွင့်ရမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ယခုခြေစစ်ပွဲတွင် တစ်ပွဲထက်တစ်ပွဲ ကစားပုံပိုကောင်းလာသလို ဒုတိယပွဲတွင် အင်ဒိုနီးရှားအသင်းကို ဂိုးပြတ်အနိုင်ရခဲ့သောကြောင့် အိန္ဒိယအသင်းထက် အသာရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် နီပေါအသင်းကို သုံးဂိုး-တစ်ဂိုး၊ အင်ဒိုနီးရှားအသင်းကို ခြောက်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး အိန္ဒိယအသင်းမှာမူ အင်ဒိုနီးရှားအသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ နီပေါအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဒုတိယအဆင့်ခြေစစ်ပွဲကို အုပ်စုသုံးခုခွဲ၍ ကျင်းပလျက်ရှိပြီး ဒုတိယပွဲအပြီးတွင် အုပ်စု (ခ) ၌ ဗီယက်နမ်အသင်းက ခြောက်မှတ်၊ ဥဇဘက်ကစ္စတန်အသင်းက သုံးမှတ်၊ ဟောင်ကောင်နှင့်ဂျော်ဒန်အသင်းက တစ်မှတ်စီရထားသည်။ နောက်ဆုံးပွဲအဖြစ် ဗီယက်နမ်နှင့် ဂျော်ဒန်၊ ဥဇဘက်ကစ္စတန်နှင့် ဟောင်ကောင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ခြောက်မှတ်ရထားသည့် ဗီယက်နမ်အသင်းသည် အနိမ့်ဆုံးသရေကစားရုံဖြင့် တတိယအဆင့်ခြေစစ်ပွဲသို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။ အုပ်စု (ဂ) တွင် တရုတ်တိုင်ပေ အသင်းက ခြောက်မှတ်၊ အီရန်နှင့် ဖိလစ်ပိုင်အသင်းက သုံးမှတ်စီရထားပြီး ပါလက်စတိုင်းအသင်းမှာမူ အမှတ်မရသေးပေ။

 

နောက်ဆုံးပွဲအဖြစ် တရုတ်တိုင်ပေနှင့် အီရန်၊ ဖိလစ်ပိုင်နှင့် ပါလက်စတိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး နှစ်ပွဲစလုံးမှာ နောက်တစ်ဆင့်တက်ရေး အရေးပါနေကာ တရုတ်တိုင်ပေအသင်းမှာမူ သရေကစားရုံဖြင့် တတိယအဆင့်တက်ရောက်မည်ဖြစ်သည်။

 

အုပ်စုနောက်ဆုံးပွဲများကို တစ်ချိန်တည်း ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး မြန်မာအသင်းပါဝင်သော အုပ်စု (က) ပွဲများကို ညနေ ၃ နာရီခွဲတွင် တစ်ပြိုင်နက်ကစားမည်ဖြစ်သည်။ မန္တလာသီရိကွင်း၌ အိမ်ရှင်မြန်မာနှင့် အိန္ဒိယ၊ ဗထူးကွင်း၌ နီပေါနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်