အိုလံပစ် ဒုတိယအဆင့် ခြေစစ်ပွဲအတွက် မြန်မာအမျိုးသမီးအသင်း အပြီးသတ်လူရွေးချယ်

ရန်ကုန် ၂ ဧပြီ

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံး ဒုတိယအဆင့် ခြေစစ်ပွဲအတွက် အပြီးသတ်ကစားသမား ၂၀ ရွေးချယ်လိုက်ပြီဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းတွင် ဒဏ်ရာရကစားသမားများ ရှိနေသောကြောင့် အပြီးသတ်လူစာရင်းကို ဧပြီ ၂ ရက်မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အိုလံပစ်ဒုတိယအဆင့် ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ-ဦးတင်မြင့်အောင်၊ နည်းပြချုပ်-ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြ-ဦးခင်မောင်ထွေး၊ ဦးစထက်နိုင်ဝင်း၊ ဒေါ်ဇင်မာဝမ်း၊ ဂိုးနည်းပြ-ဦးမြကိုမင်း၊ ကစားသမားများအဖြစ် ဂိုး-မေဇင်နွယ် (မြဝတီ)၊ သန္တာဦး (ဂန္ဓမာ)၊ မေသဇင်ထွန်း (တက္ကသိုလ်) နောက်တန်း-ဝေဝေအောင်၊ အိရတနာဖြိုး၊ ခင်မျိုးဝင်း (အား/ကာသိပ္ပံ)၊ ခင်သန်းဝေ၊ အေးအေးမိုး၊ ခိုင်သဇင် (မြဝတီ)၊ ချစ်ချစ် (သစ္စာအားမာန်)၊ အလယ်တန်း-ခင်မာလာထွန်း၊ နုနု (အား/ကာ သိပ္ပံ)၊ ငယ်ငယ်ထွေး၊ ခင်မိုးဝေ၊ ခင်မိုမိုထွန်း (သစ္စာအားမာန်)၊ လဲ့လဲ့လှိုင် (ဇွဲကပင်)၊ ရူပါခိုင် (မြဝတီ)၊ ရှေ့တန်း-ရီရီဦး (အား/ကာသိပ္ပံ)၊ ဝင်းသိင်္ဂီထွန်း (မြဝတီ)နှင့်  ဂျူလိုင်ကျော် (သစ္စာအားမာန်) တို့ ပါဝင်ကြသည်။

အပြီးသတ်ရွေးချယ်ရာတွင် ဒဏ်ရာရနေသည့် ဂိုးသမားဇာဇာမြင့်အပါအဝင် လှယဉ်ဝင်း၊ ဇင်ဇင်နိုင်နှင့် သင်းသင်းယုတို့ ချန်လှပ်ခံရသည်။ မြန်မာအမျိုးသမီးအသင်းတွင် တောက်လျှောက်ပွဲထွက်ခွင့်ရနေသည့် ဂိုးသမား ဇာဇာမြင့်သည် ခြေစစ်ပွဲစတင်ခါနီး ရက်ပိုင်းအလိုတွင် လေ့ကျင့်ရေးကွင်း၌ရခဲ့သည့် ခါးဒဏ်ရာကြောင့် ခြေစစ်ပွဲကို လွဲချော်ခဲ့ခြင်းဖြစ်သည်။

ခြေစစ်ပွဲ အုပ်စု (က) ပွဲစဉ်များကို ဧပြီ ၃ ရက်တွင် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်ပြီး  ညနေ ၃ နာရီတွင် အိန္ဒိယအသင်းနှင့် အင်ဒိုနီးရှားအသင်း၊ ညနေ ၆ နာရီတွင် မြန်မာအသင်းနှင့် နီပေါအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်