အိုစာ  

 

 အန်ကယ်ပညာ

 

မကြာသေးသည့် တစ်နေ့သောနံနက်ခင်းတွင် ရေစကြိုမြို့နယ်မှ စာပေမိတ်ဆွေတစ်ဦး ဖုန်းဆက်လာသည်။ စာပေမိတ်ဆွေဟုဆိုသော်လည်း  လွန်ခဲ့သောနှစ်ပေါင်း  ၃၀  ကျော်က  ဝင်းထရံသာခြားသည့် အိမ်နီးချင်းများဖြစ်ခဲ့ကြ၍ မိသားစုချင်းပါ အလွန်ရင်းနှီးသည့် မိတ်ဆွေရင်းဖြစ်လေ၏။

 

သာကြောင်းမာကြောင်းနှင့် ရှေးဟောင်းနှောင်းဖြစ်များကို ဝမ်းမြောက်တသစွာ ပြောကြရင်း ထိုသူက “ခုတလော ဘာတွေလုပ်ဖြစ်တုံးဟု ဆိုလေ၏။ စာသမားအချင်းချင်း အာလာပသလ္လာပမှ အလုပ် သဘောဘက်သို့ ဦးတည်ကြရန် မြောင်းပေးလာခြင်းဖြစ်၍ “စာအုပ်လေးတစ်အုပ် ဖြစ်မလားလို့၊ ရတဲ့အချိန်လေးကြိုးစားနေပါတယ်ဟု အလိုက်သင့်ဖြေလိုက်၏။

 

စာအုပ်က ကဗျာလားဗျ

 

“ကဗျာကို စာအုပ်ဖြစ်လောက်အောင် ရေးနိုင်တဲ့အရည်အချင်း မရှိသေးပါဘူးဗျာ၊ ဝတ္ထုတို ပေါင်းချုပ်လေးများ ဖြစ်မလားလို့ပါ

 

“ဘာပဲဖြစ်ဖြစ်   ရေးဖြစ်တယ်ဆိုရင်ကို   ဟုတ်လှပါပြီဗျာ၊ ကျွန်တော်တော့ အရေးထက် အဖတ်ဘက် အားသန်နေသဗျ။  ဖတ်ရတဲ့အရသာက တယ်ကောင်းသကိုးဗျ

 

သူတစ်ပါးဖန်တီးထားသည့်အနုပညာ

 

အမှန်အားဖြင့်  ထိုသူပြောလိုက်သည့်စကားသည်  ကျွန်တော်ပြောလိုရင်းစကားပင်ဖြစ်၏။ စာပေကို ဝါသနာပါသည်မှန်သော်လည်း ကိုယ်တိုင်ရေးသားရခြင်းထက် သူတစ်ပါးဖန်တီးထားသည့်အနုပညာ တွင် အခန့်သားဖတ်ရှုစီးမျောရသည်က ပို၍အရသာရှိလှ၏။ အရေးနှင့်  အဖတ်  အချိန်ပေးရသည်ချင်း တူသော်လည်း  စာမရေးဖြစ်စေသည့် အကြောင်းပြချက်များက စုံလင်စွာရှိနှင့်ပြီးဖြစ်ကြ၏။ တစ်ခါတစ်ရံ အကြောင်းပြချက်ရှာမရဘဲ မရေးဖြစ်သည်လည်းရှိပြန်၏။ စာသမားတစ်ယောက်အတွက်   စာရေးဖို့အရေး ဤသို့ယောင်ချာချာဖြစ်လာချိန်မျိုးတွင် တွေ့သည့်စာအုပ်တစ်အုပ်ကို ကောက်ကိုင်လျက် ဖတ်မိလျက်သား ဖြစ်သွားလေ့ရှိ၏။

 

ဤသို့အားဖြင့် အရေးအတွက်တွေးလျက် အချိန်ကုန်မခံတော့ဘဲ လက်တွေ့ဖြစ်သည့် အဖတ်ဘက် လိုက်ရင်း အဖတ်၏အရသာက ပြန်မထချင်အောင် ဖမ်းစားပြန်လေ၏။ ဤသို့ပြုလိုက်ရသည့်အတွက် လုံးလုံးလျားလျား ကျေနပ်လှသည်ကား မဟုတ်လှပေ။ ဖတ်နေစဉ် အရသာရှိလှသည်မှန်၏။ ဖတ်ပြီးပြန်စဉ်းစားချိန်တွင်လည်း မူလ အရသာမပျောက်သည်လည်းမှန်၏။ ထိုအကြောင်းအရာတို့ကို မေ့ပျောက်၍ စာမရေးဖြစ်သည့်အကြောင်းကို တွေးမိသည့်အချိန်တွင်မူ တစ်ခုခုလိုနေသလိုဖြစ်လာ၏။ ဆိုးသည်မှာ ကိုယ့်ကိုယ်ကိုယ်ဌာန ကင်းကွာတစ်ဦး၊ တာဝန်မကျေသူတစ်ဦးအဖြစ် ထင်လာခြင်းဖြစ်၏။ အဘယ်မှာလျှင် ကျေနပ်စရာရှိနိုင်ပါအံ့နည်း။

 

သို့ရာတွင် ဤခံစားချက်ကိုပင် တစ်ဖက်ကလှည့်တွေးလျှင် စာရေးသည့်အလုပ်အတွက် စေတနာ ဦးဆောင်လျက်ရှိနေသေးသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရ၏။ ထိုစေတနာကို ရှေ့တန်းတင်လျက် စာရေးစားပွဲထိုင်ဖြစ်အောင်ထိုင်ကြည့်၏။ ရေးဖြစ်အောင် ရေးကြည့်၏။ စျာန်မဝင်၊ လက်မသွက်တော့သည်ကို သတိထားမိ၏။ လုံးလုံးမရေးဖြစ်သည်နှင့်စာလျှင် အရွေ့တစ်ခုရှိနေသေး၍ တော်ပေသေး၏။ နှေးကွေးသည့် ထိုအရွေ့တွင် ထူးခြားသည့်ပြောင်းလဲမှုတစ်ခုကို တွေ့ရပေသည်။ ယခင်က ဝတ္ထု၊ ဆောင်းပါးရေးသားခြင်းကိုသာ အားသန်ခဲ့ရာမှ စာရေးစားပွဲပြန်အထိုင်တွင် ကဗျာရေးရန် အာသီသ ပြင်းပြလာခြင်းဖြစ်၏။

 

စံပြုလေ့လာဖြစ်သည့်စာအုပ်များ

 

ထိုချင်ခြင်းကို ဖြေဖျောက်ရန် ဆရာကြီးဧကရာဇ်၏ “ကဗျာစပ်ချင် အတတ်သင်ဟူသည့် မြန်မာကဗျာဂန္ထဝင်စပ်ထုံးစာအုပ်ကို ဆရာအရာထား၍လေ့လာဖြစ်၏။ ထိုစာအုပ်ကို ဆရာကြီး ဧကရာဇ်ကိုယ်တိုင် ၂၅-၃-၂၀၁၉ ရက်နေ့ကတည်းက စာပေလက်ဆောင်အဖြစ်ပေးခဲ့ခြင်း ဖြစ်သော်လည်း လေးနှစ်ခန့်အကြာမှ ဖတ်ရှုလေ့လာဖြစ်ရန်အကြောင်း တိုက်ဆိုင်ခဲ့သည်ကိုလည်း ရိုးသားစွာဝန်ခံရပေဦးမည်။ ကဗျာအတွက် စံပြုလေ့လာဖြစ်သည့်စာအုပ်များမှာ မာန်လည် ဆရာတော်ဘုရားကြီး၏ “မဃဒေဝလင်္ကာသစ်နှင့် နန်းညွန့်ဆွေ၏ “ဟံသာဝတီဆုံးမစာ ပေါင်းချုပ်စာအုပ်တို့ပင်ဖြစ်၏။ အခြားသော ဆရာ၊ ဆရာမကြီးများ၏ လက်ဆောင်ကဗျာစာအုပ်များ ရှိသော်လည်း နေရာ၊ ဌာနအပြောင်း အရွှေ့များကြောင့် အကွဲကွဲအပြားပြားဖြစ်နေသော သေတ္တာများတွင်ပင် ရှိနေသေးသဖြင့် စံမပြုနိုင်သည်ကို သည်းခံခွင့်လွှတ်နိုင်ကြလိမ့်မည် ထင်ပါ၏။

 

ဤနေရာတွင် မည်သည့်အတတ်ပညာမဆို “လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှ ယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှ အောင်ပွဲဆင် ဆိုသည့်ဆောင်ပုဒ်အတိုင်း အောင်ပွဲဆင်နိုင်ရန်လေ့ကျင့်ခြင်း ဖြင့် စတင်ရမည်ဖြစ်ကြောင်းကို ဆက်စပ်ပြောလိုသေး၏။ ဆိုခဲ့သည့် အတိုင်း ဆရာအရာထားသည့် ကဗျာစပ်ထုံး၊ လေ့လာဖြစ်သည့် စံပြုစာအုပ်များအားကိုးဖြင့် စိတ်ကူးတည့်ရာတို့ကို ကဗျာအဖြစ် ပုံဖော်ကြည့်၏။ ဟုတ်လှပြီအထင်နှင့် ထိုကဗျာစာမူအကြမ်းလေးများကို ဖုန်းဆက်လာသည့် စာပေမိတ်ဆွေထံ ပေးပို့၍ဝေဖန်ချက်တောင်းခံကြည့်ရာ ကာရန်မလွတ်သော်လည်း ဖတ်ရသည်မှာ အသံမသာဘဲ အတော်ကြမ်းသည့် စာမူဖြစ်နေသေးကြောင်း တည့်တည့်ဝေဖန်လေ၏။ ကျေးဇူးတင်လှပေသည်။ ဤမျှလောက်သော အလေ့အကျင့်မျှဖြင့် ကျွမ်းကျင်မှုအတောင် ဘယ်မှာပေါက်နိုင်ပါအံ့နည်း။

 

ထိုသူက ပုပ္ပါးဦးကျော်ရင်၏ “ကဝိဘာရတီကျမ်း-ပထမတွဲကို ရှာဖွေဖတ်ကြည့်ရန်အကြံပေး၏။ ရန်ကုန်သို့ လှမ်းမှာရာ ပထမတွဲနှင့် ဒုတိယတွဲပေါင်းထားသည့် နှစ်တွဲပေါင်းချုပ်စာအုပ်ရလေ၏။ ထိုစာအုပ် ရပြီဖြစ်ကြောင်းကိုလည်း လွန်ခဲ့သည့်တစ်လက ထိုသူအားပြောဖြစ်ခဲ့၏။ ယခုဖုန်းဆက်ချိန်တွင် “ဘယ့်နှယ်တုံး၊ ကဝိဘာရတီကျမ်း ဖတ်ပြီးပြီလားဟု မေးလေ၏။ လေးနက်သည့် အကြောင်းအရာဖြစ်၍ အချိန်ယူကာ ဖတ်တုန်းဖတ်ဆဲဖြစ်ကြောင်းပြောဖြစ်၏။ ထိုသူက “တစ်ခန်းကျေမှ တစ်ခန်းတက်ဗျာ၊ ဒီကျမ်းကျေရင်တော့ စွယ်စုံရ ပညာရှင်ဖြစ်ပြီဗျ၊ “ဆရာပြောသလို ကျမ်းကျေရင်တော့ထားပါတော့၊ ဘာအစွယ်မှ မရှိသေးတဲ့လူက ဘယ်လိုလုပ် စွယ်စုံဖြစ်လိမ့်မတုန်း၊ “ထားပါဗျာ၊ စွယ်စုံဖြစ်တာ မဖြစ်တာထက် ကဗျာရေးဖို့ အတွက်တော့ သေချာပေါက် အထောက်အကူပြုပါလိမ့်မယ်၊ ပြီးတော့ဒီစာမျိုးက အိုစာလို့ခေါ်တယ်ဗျ။ ပုပ္ပါးဦးကျော်ရင်၏ “ကဗျာ့မျက်လုံး-ဗျာကရုဏ်းခေါ် “ကဝိဘာရတီကျမ်းတွင် ပထမတွဲ၌ ကဗျာ ၃၇ မျိုး၊ ဒုတိယတွဲတွင် ကဗျာအမျိုး ၃၀ တို့၏ ကဗျာတစ်မျိုးချင်းအလိုက် အဓိပ္ပာယ်၊ ပုံစံနှင့် ရေးနည်းတို့ကိုအသေးစိတ်ဖော်ပြထား၏။ ထို့အပြင် ကဗျာဆရာတို့၏ ဂုဏ်အင်္ဂါနှင့် ကဗျာကို အရသာပေါ်အောင်လုပ်နည်း တို့ကိုလည်းတွေ့ရ၏။ စာမျက်နှာ ၆၂၇ မျက်နှာပါရှိသော ထိုကျမ်း သည် အချိန်ယူလေ့လာကျက်မှတ်၍ အရေးအကျင့်များမည်ဆိုပါက ထိုသူပြောသကဲ့သို့ ကဗျာရေးရန် သေချာပေါက်အထောက်အကူပြု မည်မှာ အမှန်ဖြစ်ပါ၏။

 

အိုစာဝေါဟာရသည် စာပေထက် ဘဝဘက်သို့ ပို၍နွှယ်

 

 သို့ရာတွင် ထိုသူ၏ ထိုစာအုပ်ကိုအကြောင်းပြု၍ ပြောခဲ့သော “ဒီစာမျိုးက အိုစာလို့ခေါ်တယ် ဟူသည့်စကားသည် စာပေနှင့်ဆိုင် သည့် အလုပ်သဘောထက် ပို၍လေးနက်နေ၏။ “အိုစာဆိုသည့် ဝေါဟာရသည် စာပေထက် ဘဝဘက်သို့ ပို၍နွှယ်သည်ထင်၏။ ထိုသူ၏ “အိုစာဆိုသည်မှာ အိုသည့်အချိန်အတွက် ကြိုတင်လေ့လာထား ရမည့် စာလော၊ အိုချိန်ရောက်မှ ဖတ်ရှုရမည့်စာလော၊ အိုစပြုသူများ လက်ကိုင်ပြုရမည့်စာလော၊ လူအိုများ အဖော်ပြုရမည့်စာလော၊ အိုချိန်အတွက် ထိုစာမျိုးသည် အကောင်းဆုံးအဖော် ဖြစ်သည်ဟုဆိုချင်သလော၊ ထိုစာကို ယခုအချိန် လေ့လာလိုက်နာလေ့ကျင့်ရာမှ ရရှိလာမည့် အတတ်ပညာဖြင့် နောင်တစ်ချိန်တွင် လူထုကို အကျိုးပြုနိုင်သည်ဟု ဆိုလိုသလော။ ထိုသူကိုလည်း ပြန်မမေးမိ။ အဓိပ္ပာယ်ဖွင့်ဆိုရန်လည်း ခက်၍နေ၏။