အိန္ဒိယဝန်ကြီးချုပ် မိုဒီ ကာကွယ်ဆေး ထုတ်လုပ်သည့် နေရာများသို့ သွားရောက်ကြည့်ရှု

 

နယူးဒေလီ   ၃၀  နိုဝင်ဘာ

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ သည် နိုဝင်ဘာ ၂၈ ရက်က နိုင်ငံအတွင်း ကာကွယ်ဆေး ထုတ်လုပ်နေသည့် နေရာသုံးနေရာသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ကာကွယ်ဆေး ထုတ်လုပ်ရေးလုပ်ငန်းစဉ်များ တိုးတက်မှုကို လေ့လာရန် သွားရောက်ခဲ့ခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်နေသည့် မြို့သုံးမြို့သို့ တစ်ရက်ကြာ သွားရောက်ခဲ့သည်။ ပထမဆုံး ဂူဂျာရတ်ပြည်နယ် အာမန်ဒါဘတ်မြို့ရှိ ဇိုင်ဒပ် ဘိုင်အိုတက်ချ်သို့ သွားရောက်ခဲ့ပြီး ကာကွယ်ဆေးအခြေအနေကို သိပ္ပံ ပညာရှင်များနှင့် ဆွေးနွေးခဲ့သည်။

ထို့နောက် မိုဒီသည် ဟိုက်ဒရာ ဘတ်မြို့ရှိ ဘဟာရတ်ဘိုင်အိုတက် ဌာနချုပ်သို့ သွားရောက်ခဲ့သည်။ အဆိုပါ ဌာနချုပ်တွင် Covaxin အမည်ရှိကိုဗစ်-၁၉ ကာကွယ်ဆေးကို ထုတ်လုပ်နေသည်။ ။

ထို့နောက် မဟာရက်ရှ်ထရာ ပြည်နယ် ဆီရမ်အင်စတီကျူသို့ သွားရောက်ခဲ့သည်။ လွန်ခဲ့သည့် လကလည်း အိန္ဒိယကျန်းမာရေးဝန်ကြီး ဟာရက်ရှ်ဗာဟန်က အိန္ဒိယနိုင်ငံတွင် လာမည့်နှစ် အစောပိုင်းတွင် ကိုဗစ် -၁၉ ကာကွယ်ဆေးရရှိနိုင်ဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းအထိ အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၉၃၅၁၁၀၉ ဦးရှိပြီး သေဆုံးသူ စုစုပေါင်းမှာ ၁၃၆၂၀၀ ရှိသည်ဟု သိရသည်။ အိန္ဒိယနိုင်ငံသည် ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခံစားနေရပြီး ကမ္ဘာပေါ်တွင် ဒုတိယမြောက် ကူးစက်မှု အမြင့်ဆုံးနိုင်ငံလည်း ဖြစ်သည်။

ဆင်ဟွာ