အိန္ဒိယသမ္မတနိုင်ငံ သမ္မတ၏ဇနီး ရှရီမတီဆာဗီးတာကိုဗင့်ဒ် နေပြည်တော်အတွင်း ကြည့်ရှုလေ့လာ

အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်၏ဇနီး ရှရီမတီဆာဗီးတာကိုဗင့်ဒ်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ရတနာပစ္စည်းပြခန်းများနှင့် ကျောက်မျက်ရတနာဈေးတို့ကို ကြည့်ရှုလေ့လာရာ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။

 

ဆက်လက်၍ အိန္ဒိယနိုင်ငံ သမ္မတ၏ ဇနီးနှင့်အဖွဲ့သည် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးသို့ ရောက်ရှိကြရာ ဂေါပကအဖွဲ့ဝင်များက လိုက်လံရှင်းလင်း ပြသကြသည်။

 

ထို့နောက် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ၏ဇနီးနှင့် အဖွဲ့သည် ဥပ္ပါတသန္တိစေတီတော် လိုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ကြသည်။ 

 

(သတင်းစဉ်)