အိန္ဒိယသို့ မတ်ပဲတန်ချိန်လေးသိန်းတင်ပို့မှု အချိန်တိုးပေးရန် တောင်းဆိုထားသော်လည်း အကြောင်းမပြန်သေးဟုဆို

၂၀ ဩဂုတ်

 

အိန္ဒိယသို့ မတ်ပဲတန်ချိန်လေးသိန်းတင်ပို့မှု အချိန်တိုးပေးရန် တောင်းဆိုထားသော်လည်း အကြောင်းမပြန်သေးကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

 

"အခုချိန်ထိတော့ အိန္ဒိယဘက်က ဒီမတ်ပဲတန်ချိန်လေးသိန်းကို နောက်ထပ် Extension ပေး၊ မပေးဆိုတာ အခုအချိန်ထိ တိတိကျကျတော့ မထွက်လာသေးဘူး၊ ဒါပေမယ့် အိန္ဒိယ ကုန်သည် တော်တော်များများကတော့ ဒီ Extension တစ်ကြိမ်တော့ ပေးနိုင်တယ်ဆိုပြီး သုံးသပ်တာပေါ့လေ၊ ဒါပေမယ့် ပေး၊ မပေးဆိုတာတော့ ကျွန်တော်တို့လည်း ဒီလမကုန်ခင်တော့ စောင့်ကြည့်ရမယ်"ဟု ဦးမင်းကိုဦး က ပြောသည်။

 

အိန္ဒိယအစိုးရအနေဖြင့် ယခင်က ပြည်ပမှ တင်သွင်းမည့် မတ်ပဲ တန်ချိန် လေးသိန်းကို လာမည့် ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း အပြီးတင်သွင်းရမည်ဟု ကြေညာခဲ့သော်လည်း မေလ ၂၂ ရက်ကမူ အချိန် သုံးလအတွင်း အပြီးတင်သွင်းရမည်ဟု အသိပေးစာ ထုတ်ပြန်၍ မူဝါဒထပ်မံ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

 

ထိုသို့ အိန္ဒိယ၏ ပဲတင်သွင်းမှု မူဝါဒအပြောင်းအလဲကြောင့် မတ်ပဲ တန်ချိန်လေးသိန်းကို ယခုလကုန်အတွင်း အပြီးတင်သွင်းရမည်မှာ မဖြစ်နိုင်သည့်အပြင် ပြည်တွင်းမှာလည်း ပဲအလုံအလောက် မရှိကြောင်း၊ လက်ရှိ ပြည်တွင်း မတ်ပဲလက်ကျန်မှာလည်း တန်ချိန် နှစ်သိန်း၊ နှစ်သိန်းခွဲ ဝန်းကျင်သာ ရှိကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းထံမှ သိရသည်။

 

လက်ရှိ အခြေအနေအရ အိန္ဒိယသို့ တင်ပို့ရမည့် မတ်ပဲတန်ချိန် လေးသိန်းအနက် တန်ချိန်တစ်သိန်းခန့်သာ တင်ပို့နိုင်မည်ဖြစ်ကြောင်း ဦးမင်းကိုဦး က ပြောကြားထားသည်။

 

သို့ဖြစ်၍ အိန္ဒိယသို့ မတ်ပဲတင်ပို့မှု အချိန်တိုးပေးရန် အိန္ဒိယ သံရုံးနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းက တောင်းဆိုထားသည်။

 

လက်ရှိ ပဲစျေးကွက်အတွင်း၌လည်း စျေးနှုန်းအပြောင်းအလဲ မရှိဘဲ မတ်ပဲတစ်တန်လျှင် ကျပ် ၉၅၀၀၀၀ ခန့်ရှိပြီး ပဲစင်းငုံတစ်တန်လျှင် ကျပ် ၈၀၂၅၀၀ ခန့် ရှိကြောင်း စျေးကွက်အတွင်းမှ သိရသည်။

 

အိန္ဒိယနိုင်ငံမှ အဓိကဝယ်ယူမည့် မတ်ပဲသည် မြန်မာနိုင်ငံကသာ အဓိက စိုက်ပျိုးပြီး အခြား ပဲစင်းငုံ၊ ပဲတီစိမ်း၊ စားတော်ပဲများကိုမူ  မြန်မာနိုင်ငံအပြင် အာဖရိကတိုက်နှင့် သြစတေးလျနိုင်ငံများလည်း စိုက်ပျိုးကြကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။

 

Nyein Nyein