အိန္ဒိယနိုင်ငံတွင် နှစ်သစ်ကူးအကြိုနေ့ ဓာတ်လှေကားပျက်ကျမှုဖြစ်ပွား ခြောက်ဦးသေဆုံး

၁ ဇန်နဝါရီ

 

အိန္ဒိယနိုင်ငံအလယ်ပိုင်း မဒရာပရာဒက်ရှ် ပြည်နယ်တွင် ပုဂ္ဂလိကပိုင် ဓာတ်လှေကား ပျက်ကျခဲ့သဖြင့် ခြောက်ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားခဲ့သည်။

 

နှစ်သစ်ကူးအကြိုနေ့ ၎င်းတို့၏ ယာတောအိမ်တွင် စီးပွားရေးလုပ်ငန်းရှင်မိသားစုတစ်စုမှ ပါတီပွဲကျင်းပနေစဉ်အတွင်း ယင်းသို့ မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

8

 

ပါတီပွဲဆင်နွှဲသူ အချို့သည် မြေညီထပ်သို့ ဆင်းရန် ဓာတ်လှေကားထဲဝင်ခဲ့ရာ ရုတ်တရက် ဓာတ်လှေကား စက်ခါးပတ်ကြိုးပြတ်ပြီး မြေပြင်ပေါ်သို့ ပျက်ကျခဲ့ကြောင်း Mhow မြို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ယင်း ဓာတ်လှေကားပျက်ကျမှုကြောင့် အိမ်ရှင်အပါအဝင် ခြောက်ဦး သေဆုံးခဲ့ပြီး အချို့သောသူများ ဒဏ်ရာရရှိခဲ့ကြသည်။

 

ဒဏ်ရာရရှိသူများကို အနီးဆုံးဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့ရာ အမျိုးသမီးတစ်ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

ထိုမတော်တဆမှု သေဆုံးသူများတွင် အိမ်ရှင်၏ဆွေမျိုးသားချင်းများလည်း ပါဝင်သည်။

 

အဆိုပါ ဓာတ်လှေကားမှာ အမြင့်ပေ ၁၀၀ မှ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အမှုစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ

 

ဘာသာပြန်-မြင့်မြင့်ချို