အိန္ဒိယနိုင်ငံ၌ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ကိုးဦး သေဆုံး

မေ ၁၀

အိန္ဒိယနိုင်ငံတောင်ပိုင်းတမီးလ်နာဒူပြည်နယ်တွင် ယမန်နေ့က မီးရှူးမီးပန်စက်ရုံ၌ ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ရာ ကိုးဦးထက်မနည်းသေဆုံးပြီး လူပေါင်းဒါဇင်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း  ရဲတပ်ဖွဲ့ကပြောကြားသည်။ အဆိုပါပေါက်ကွဲမှုသည် တမီးလ်နာဒူပြည်နယ်မြို့တော် ချန်နိုင်း၏အနောက်တောင်ဘက် ကီလိုမီတာ ၅၄၀ ခန့်အကွာ Virudhunagarခရိုင် Sivakasi ဒေသအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိခိုက်ဒဏ်ရာရသေဆုံးသူများသည် ပေါက်ကွဲမှုဖြစ်ပွားချိန်က ထိုစက်ရုံတွင် အလုပ်လုပ်နေသူများဖြစ်ကြောင်းသိရသည်။ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုကြောင့် အမျိုးသမီးငါးဦးအပါအဝင် ကိုးဦးသေဆုံးခဲ့ကြောင်းနှင့် ဓာတုပစ္စည်းများထားသည့်အခန်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ပေါက်ကွဲမှုဖြစ်ပွားရသည့်အကြောင်းရင်းမသိရှိရသေးကြောင်းနှင့် အိန္ဒိယနိုင်ငံရှိ မီးရှူးမီးပန်းစက်ရုံများနှင့် ဈေးဆိုင်များတွင် ဘေးကင်းလုံခြုံရေးဆိုင်ရာစံနှုန်းများကိုလိုက်နာမှုမရှိသဖြင့် မတော်တဆပေါက်ကွဲမှုများ ဖြစ်ပွားလေ့ ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို