အိန္ဒိယနိုင်ငံ၌ မြေပြိုမှုကြောင့် သေဆုံးသူ ၄၈ ဦး ရှိလာ

ဇူလိုင် ၅

အိန္ဒိယနိုင်ငံ၏အရှေ့မြောက်ပိုင်းမဏိပူရပြည်နယ်တွင် မြေပြိုမှုဖြစ်ပွားသဖြင့် ပျောက်ဆုံးနေသူများကို ရှာဖွေလျက်ရှိရာ ယနေ့ခြောက်ရက်မြောက်နေ့တွင် သေဆုံးသူ ၄၈ ဦး ရှိလာသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

အဆိုပါမြေပြိုမှုသည် ပြီးခဲ့သည့်သီတင်းပတ်က နိုနေးခရိုင်ရှိ မီးရထားသံလမ်းဆောက်လုပ်ရေးစခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုနေရာတွင် နယ်မြေစောင့်တပ်ဖွဲ့ဝင်များ စောင့်ကြပ်လျက်ရှိသဖြင့် မြေပြိုမှုတွင် သေဆုံးသူအများစုသည် ၎င်းတပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။

ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်ရာတွင် အမျိုးသားသဘာဝဘေးတုံ့ပြန်ရေးတပ်ဖွဲ့၊ ပြည်နယ် သဘာဝဘေး တုံ့ပြန်ရေးတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စစ်တပ်၊ ဒေသခံစေတနာဝန်ထမ်းများနှင့်အခြားသော စိတ်ပါဝင်စားသူများ ပါဝင်ခဲ့ကြသည်။

ဒေသခံအုပ်ချုပ်ရေးအဖွဲ့က မြေနိမ့်ဒေသတွင် နေထိုင်ကြသူများအား မိုးရွာသွန်းမှုပိုမိုများပြားလာပါက ဘေးကင်းရာသို့ရွှေ့ပြောင်းရေးအတွက် ပြင်ဆင်ထားကြရန် အကြံပြုချက်ထုတ်ပြန်ထားသည်။

မဏိပူရပြည်နယ်ဝန်ကြီးချုပ် အန်ဘီရန်ဆင်းရှ်က ထိုမြေပြိုမှုသည် ပြည်နယ်သမိုင်းတွင် အဆိုးရွားဆုံးသော ဖြစ်ရပ်ဖြစ်သည်ဟု ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို