အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၇ ဒသမ ၉ သန်းကျော်ရှိလာ

နယူးဒေလီ ဇန်နဝါရီ ၂၀

 

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၈၂၉၇၀ ထပ်မံတွေ့ရှိခြင်းကြောင့် ယင်းသို့ နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ နှစ်သိန်းကျော်ရှိခဲ့သည်မှာ ခုနစ်ရက်ဆက်တိုက် ရှိသွားပြီဖြစ်ကြောင်းနှင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၇၉၀၁၂၄၁ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန် သည့် အချက်အလက်များအရ သိရသည်။

 

ထို့ပြင် အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၄၄၁ ဦးထပ်တိုးလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၄၈၇၂၀၂ ဦးရှိလာကြောင်း သိရသည်။

 

အိန္ဒိယနိုင်ငံ၌ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲ လူနာစုစုပေါင်း ၁၈၃၁၀၀၀ ရှိကြောင်း အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။

 

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၁၈၈၁၅၇ ဦးရှိခြင်းကြောင့် ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၃၅၅၈၃၀၃၉ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

အိန္ဒိယနိုင်ငံ၌ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ရှိနေသည့်အပြင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်သည်လည်း စုစုပေါင်း ၈၉၆၁ ဦးရှိလာကြောင်းနှင့် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူအများစုမှာ မဟာရက်ရှ်ထရာ၊ အနောက်ဘင်ဂေါ၊ ရာဂျာစသန်နှင့် ဒေလီ တို့မှဖြစ်ကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အလင်းသစ်