အိန္ဒိယနိုင်ငံ၌ ဟိုတယ်မီးလောင်မှုဖြစ်ပွားသဖြင့် ခြောက်ဦးသေဆုံး၊ ၁၄ ဦး ဒဏ်ရာရ

ဧပြီ ၂၆

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် ယမန်နေ့ကမီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ခြောက်ဦးထက်မနည်းသေဆုံးပြီး အခြား ၁၄ ဦး ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။ အဆိုပါမီးလောင်မှုသည် ဘီဟာပြည်နယ်၏မြို့တော် ပတ်တနာရှိ မီးရထားဘူတာရုံလမ်းဆုံအနီး လူနေထူထပ်သောရပ်ကွက်ရှိဟိုတယ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုမီးလောင်မှုမှဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။ ဒဏ်ရာရရှိသူ ၂၀ အနက် ခြောက်ဦးသေဆုံးခဲ့ကြောင်း အကြီးတန်းရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက မီဒီယာကိုပြောကြားသည်။ မီးလောင်မှုဖြစ်ပွားကြောင်းဖုန်းလက်ခံရရှိသဖြင့် မီးလောင်မှု ဖြစ်ပွားရာနေရာသို့ မီးသတ်သမားများ ချက်ချင်းသွားရောက်ငြှိမ်းသတ်ပေးခဲ့သည်ဟု အဆင့်မြင့်မီးသတ်နှင့်အရေးပေါ်ဌာန တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ မီးလောင်မှုကိုထိန်းချုပ်နိုင်ခဲ့ပြီး မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကိုသိရှိရန်စုံစမ်းမှုလုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။ အိန္ဒိယနိုင်ငံရှိအဆောက်အအုံပိုင်ရှင်များသည် ဘေးကင်းလုံခြုံရေးစံသတ်မှတ်ချက်များကို လိုက်နာလေ့မရှိခြင်းနှင့် လောင်စာများနှင့်မီးလောင်လွယ်သည့်ပစ္စည်းများကို သိုလှောင်ထားရှိခြင်းတို့ကြောင့် အဆောက်အအုံများအတွင်း မီးလောင်နိုင်ခြေ ပိုမိုများပြားလာသည်ဟု ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို