အိန္ဒိယနိုင်ငံက မင်္ဂလာပွဲနဲ့ ဈာပနကိုတက်ရောက်သူတွေထဲမှ လူ ၁၀ဝ ကျော် တွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိ

နယူးဒေလီ  ၂  ဇူလိုင်

 

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က မင်္ဂလာဆောင်တစ်ခုကို တက်ရောက်ခဲ့တဲ့ သူတွေနဲ့ အဲဒီသတို့သားရဲ့ ဈာပနအခမ်းအနားကို တက်ရောက်ခဲ့သူတွေ၊  အခမ်းအနား နှစ်ခုလုံးကို တက်ရောက်ခဲ့သူတွေထဲကမှ လူတစ်ရာကျော်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း သိရပါတယ်။

 

အသက် ၂၆ နှစ်အရွယ်သတို့သားမှာ မင်္ဂလာဆောင်မတိုင်မီမှာ ဖျားနာခဲ့ပေမယ့် ဇွန် ၁၅ ရက်နေ့မှာ မင်္ဂလာဆောင်ကျင်းပခဲ့ပြီး နှစ်ရက်အကြာမှာ သေဆုံးခဲ့ကြောင်း၊ အခမ်းအနားတွေကို တက်ရောက်ခဲ့တဲ့ ပရိသတ် ၁၁၁ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း ဘီဟာ ဒေသ တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။

 

အခမ်းအနားနှစ်ခုကို တက်ရောက်ခဲ့သူ ၄၀ဝ နီးပါးရှိခဲ့ကြောင်းနဲ့ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူများကို ဆေးကုသမှုပေးနေပြီး ကျန်တဲ့သူတွေအားလုံးကိုလည်း သီးသန့်ခွဲထားပြီး စောင့်ကြည့်နေကြောင်း ဘီဟာကျန်းမာရေးဌာနမှ အကြီးအကဲ ချောင်ဒရီက ပြောပါတယ်။

 

သတို့သားဟာ နယူးဒေလီမှာ အလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲလ် အင်ဂျင်နီယာဖြစ်ပြီး၊ မင်္ဂလာမဆောင်ခင် သီတင်းတစ်ပတ်အလိုမှာ မွေးရပ်မြေကို ပြန်လာသူဖြစ်ပါတယ်။ မွေးရပ်မြေကို ပြန်လာချိန်မှာ ဆေးရုံကို ခဏတက်ခဲ့ကြောင်း၊ ဆေးရုံမှ အပြန် မင်္ဂလာဆောင် အခမ်းနားကျင်းပရာ လူပေါင်း ၃၀ဝ ကျော် တက်ရောက်ခဲ့ကြောင်း၊ မင်္ဂလာဆောင်ပြီး နှစ်ရက်အကြာမှာ သတို့သား သေဆုံးတဲ့အတွက် ထပ်မံ၍ ဈာပန အခမ်းအနားကို တက်ရောက်သူ ၂၀ဝ နီးပါးရှိကြောင်း သိရပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် မင်္ဂလာဆောင်အခမ်းအနားတွေကို လူ ၅၀ ထက် မပိုသော သူများပါဝင်ခွင့်နဲ့ ဈာပနအခမ်းအနားတွေမှာ လူ ၂၀ သာ တက်ခွင့် ဖြင့် ကန့်သတ်ထားပါတယ်။ ဒေသအာဏာပိုင်တွေက မင်္ဂလာအခမ်းအနားပွဲနဲ့ ပတ်သက်တာကို စုံစမ်းနေပြီး ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး စည်းမျဉ်းမလိုက်နာမှုနဲ့ အရေးယူသွားမယ်လို့ သိရပါတယ်။

 

ဘီဟာရှိ သတို့သားကျေးရွာမှာ ဇွန် ၂၄ ရက်နေ့တွင် လူပေါင်း ၃၆၀ ကို ရောဂါပိုးစစ်ဆေးရာ လူ တစ်ရာကျော်မှာ ပိုးတွေ့ရှိပေမယ့် အဲဒီထဲမှာ သတို့သားရဲ့ ဆွေမျိုးသားချင်းများနဲ့ သတို့သမီးတို့ မပါဝင်ကြောင်း သိရပါတယ်။

 

ဘီဟာပြည်နယ်ဟာ အိန္ဒိယနိုင်ငံရဲ့ အဆင်းရဲဆုံး ပြည်နယ်တွေက တစ်ခုဖြစ်ပြီး လူသန်းပေါင်း ၁၂၀ နေထိုင်ကြောင်း သိရပါတယ်။ ဘီဟာမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၁၀,ဝဝဝ နီးပါး ရှိပြီး သေဆုံးသူ ၆၂ ဦး ရှိပြီဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP