အိန္ဒိယနိုင်ငံ၏ မောင်းသူမဲ့ လကမ္ဘာစူးစမ်းရေးယာဉ် Chandrayaan-3 နှင့် အဆက်အသွယ်ပြတ်တောက်

 

နယူးဒေလီ၊ စက်တင်ဘာ ၂၈

 

အိန္ဒိယနိုင်ငံရှိ သုတေသီများသည် နိုင်ငံ၏ မောင်းသူမဲ့လကမ္ဘာစူးစမ်းရေးယာဉ် Chandrayaan-3 နှင့် ယခုလ အစောပိုင်းတွင် အဆက်အသွယ်ပြတ် တောက်ခဲ့ကြောင်း သိရသည်။

 

လကမ္ဘာစူးစမ်းလေ့လာရေးယာဉ် Chandrayaan-3 သည် သြဂုတ်လတွင် လကမ္ဘာတောင်ဝင်ရိုးစွန်းအနီးသို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည့် သမိုင်းတစ်လျှောက် ပထမဆုံးသော လကမ္ဘာ စူးစမ်းလေ့လာရေးယာဉ် ဖြစ်လာခဲ့သည်။

 

Chandrayaan-3 နှင့်ချိတ်ဆက်ထားသည့် ရိုဗာတစ်စင်းသည် မျက်နှာပြင်ပေါ်ရှိ မြေဆီလွှာနှင့် ကျောက်သားအစိတ်အပိုင်းများကို နှစ်ပတ်ကြာ စူးစမ်းလေ့လာခဲ့သည်။

 

လကမ္ဘာပေါ်တွင် ညအချိန်ရောက်သည့်အခါ ဆိုလာစွမ်းအင်သုံး လကမ္ဘာ စူးစမ်းရေးယာဉ် Chandrayaan-3 သည် လုပ်ငန်းဆောင်ရွက်မှု ယာယီရပ်တန့်သည့်အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ လကမ္ဘာပေါ်တွင် နေ့မှည၊ ညမှ နေ့သို့ ပြောင်းလဲသည့် ကြာချိန်သည် ရက်သတ္တ နှစ်ပတ်ဖြစ်သည်။

 

အိန္ဒိယ အာကာသသုတေသနအဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်တွင် နေထွက်လာသည့်အခါ အဆိုပါ လကမ္ဘာ စူးစမ်းရေးယာဉ် Chandrayaan-3 ပြန်လည်နိုးထလာမည်ဟု မျှော်လင့်ထားသော်လည်း လက်ရှိအချိန်အထိ အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။

 

လ၏တောင်ဝင်ရိုးစွန်းအနီး အပူချိန်သည် နေဝင်ပြီးနောက် အနုတ် ၁၅၀ ဒီဂရီစင်တီဂရိတ်သို့ ကျဆင်းသွားနိုင် သည်။ Chandrayaan-3 စူးစမ်းလေ့လာ ရေးယာဉ်သည် အလွန်ကြမ်းတမ်းသော ပတ်ဝန်းကျင်ကို ခံနိုင်ရည်မရှိနိုင်ဟု စောင့်ကြည့်လေ့လာသူများက ဆိုသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်