အိန္ဒိယနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲပထမအဆင့် စတင်ကျင်းပ

နယူးဒေလီ၊ ဧပြီ ၁၉

အိန္ဒိယနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ပထမအဆင့်ကို ဧပြီ ၁၉ ရက် တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။ ပထမအဆင့်အတွက် ဆန္ဒမဲပေးခြင်းကို ပြည်နယ် ၂၁ ခုရှိ မဲဆန္ဒနယ် ၁၀၂ ခု၌ ဆောင်ရွက်ခဲ့သည်။

ပြည်သူများက ရွေးကောက်ပွဲမှတ်ပုံတင် ကတ်ပြားများ ကိုင်ဆောင်ကာ အလှည့်ကျမဲပေးရန် စောင့်ဆိုင်းလျက်ရှိသည်။ မဲရုံများအတွင်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်စေရေးအတွက် လုံခြုံရေးဝန်ထမ်းများကို တာဝန်ချထားသည်။

နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲများကို ဧပြီ ၁၉ ရက်မှ ဇွန် ၁ ရက်အထိ အဆင့် ခုနစ်ဆင့်ဖြင့် ကျင်းပသွားမည်ဖြစ်သည်။ မဲရေတွက်မှုကို ဇွန် ၄ ရက်တွင် ဆောင်ရွက်မည်ဖြစ်ပြီး ရလဒ်များကို ထိုနေ့တွင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။

မဲရုံတစ်သန်းကျော်တွင် မဲပေးမည့် နိုင်ငံသား သန်း ၉၇၀ နီးပါးရှိသည်။ အိန္ဒိယပါလီမန်၏ အောက်လွှတ်တော်အတွက် အမတ်နေရာ ၅၄၃ နေရာ ရွေးချယ်မည်ဖြစ်သည်။ ဝန်ကြီးချုပ်မိုဒီ အစိုးရလက်ထက်တွင် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်ကုန်သည် ကမ္ဘာပေါ်တွင် ပဉ္စမ အကြီးဆုံးအဖြစ်  တိုးတက်လာခဲ့ပြီး ၂၀၂၇ခုနှစ်အစောပိုင်းတွင် တတိယအဆင့်သို့ တိုးလာမည်ဟု ခန့်မှန်းထား ကြောင်း ဘီဂျေပီပါတီမှပြောကြားခဲ့သည်။

မိုဒီသည် ၎င်း၏ပါတီအတွက် မဲဆန္ဒရှင်များ၏ ထောက်ခံမှုကို မြှင့်တင်ရန်အတွက် လူထုအစည်းအဝေးကြီးများသို့ တက်ရောက်ခဲ့သည်။ သို့သော် အတိုက်အခံများက အစိုးရသည် လူငယ်များအတွက် လုံလောက်သည့် အလုပ်အကိုင် ဖန်တီးပေးရေးအတွက် ပျက်ကွက်ခဲ့ကြောင်း ဝေဖန်ခဲ့သည်။

နိုင်ငံကို အုပ်ချုပ်ရန် ယှဉ်ပြိုင်သည့် ပါတီ သို့မဟုတ် ညွန့်ပေါင်းအဖွဲ့သည် ကိုယ်စားလှယ်နေရာ ၂၇၂ နေရာအနိုင် ရရှိရန် လိုအပ်သည်။ အိန္ဒိယ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် အစီအစဉ်အရ ရွေး ကောက်ပွဲ ဒုတိယအဆင့်ကို ဧပြီ ၂၆ ရက်၊ တတိယအဆင့်ကို မေ ၇ ရက်၊ စတုတ္ထ အဆင့်ကို မေ ၁၃ ရက်၊ ပဉ္စမအဆင့်ကို မေ ၂၀ ရက်၊ ဆဋ္ဌမအဆင့်ကို မေ ၂၅ ရက် နှင့် နောက်ဆုံးအဆင့်ကို ဇွန် ၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- စိုးသူရ