အိန္ဒိယနိုင်ငံ ဥတာပရာဒေ့ရှ်တွင် ဗြောက်အိုးစက်ရုံ ပေါက်ကွဲမှုဖြစ်ပွား သုံးဦးသေဆုံး

၄ နိုဝင်ဘာ

 

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဉတာပရာဒေ့ရှ်ပြည်နယ်ရှိ ဗြောက်အိုးစက်ရုံတစ်ရုံအတွင်း ယနေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သုံးဦးထက်မနည်းသေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအနက်အချို့မှာ စိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

ဥတာပရာဒေ့ရှ်မြို့တော်ဖြစ်သော လတ်ခနောင်းမြို့အရှေ့ဘက် ကီလိုမီတာ ၃၃၀ အကွာ ကူရှင်နာဂါခရိုင်ရှိ ကတ်တန်ဂန်ဂျေတွင် ထိုပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါပေါက်ကွဲမှုကြောင့် ထိုနေရာဝန်းကျင်တစ်ခုလုံး လှုပ်ခါခဲ့ပြီး အဆောက်အအုံပျက်စီးသွားကြောင်း ရဲတပ်ဖွဲ့၏ပြောကြားချက်အရ သိရသည်။

 

ထိုပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုကြိုးစားလုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောကြားသည်။

 

ယင်းပေါက်ကွဲဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးလုပ်ဆောင်ရန် ရဲတပ်ဖွဲ့များနှင့် ဒေသခံများ ထိုနေရာသို့ အမြန်ဆုံးသွားရောက်ခဲ့ကြသည်။

 

ပေါက်ကွဲမှုဖြစ်ပွားရသည့်အကြောင်းအရင်းမှာ ဓါတ်ငွေ့ဆလင်ဒါအိုး ယိုစိမ့်မှုကြောင့် ဖြစ်ကြောင်း ဒေသခံမီဒီယာက ဖော်ပြထားသည်။

 

အိန္ဒိယနိုင်ငံရှိ မီးရှူးမီးပန်းစက်ရုံများနှင့် ဈေးဆိုင်များတွင် မတော်တဆပေါက်ကွဲမှုများ ဖြစ်ပွားလေ့ရှိသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို