အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်၌ အထည်ဂိုဒေါင် မီးလောင်မှုကြောင့် လူကိုးဦးထက်မနည်းသေဆုံး

နယူးဒေလီ နိုဝင်ဘာ ၄

အိန္ဒိယနိုင်ငံ အနောက်ဘက် ဂူဂျာရတ်ပြည်နယ်ရှိ အဝတ်အထည်ကုန်လှောင်ရုံတစ်ခုထဲ၌ မီးလောင်မှု ယနေ့ ဖြစ်ပွားခဲ့ရာ လူကိုးဦးထက်မနည်း သေဆုံးသွားကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က ပြောကြားသည်။

အဆိုပါ မီးလောင်မှုသည် ဂူဂျာရတ်ပြည်နယ်၏ မြို့တော်ဂန္ဓီနာဂါမြို့မှ တောင်ဘက် ၃၃ ကီလိုမီတာခန့်အကွာ အာမက်ဒဘတ်မြို့ရှိ အဆောက်အအုံတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်၍ လက်ရှိအချိန်အထိ မီးလောင်မှုကြောင့် ကိုးဦးသေဆုံးပြီး သုံးဦးဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း၊ ဒဏ်ရာရှိသူများသည် ဒေသဆိုင်ရာ ဆေးရုံတစ်ရုံ၌ ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ဒေသဆိုင်ရာအာဏာပိုင်များသည် မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် မီးသတ်တပ်ဖွဲ့ဝင် ၅၀ ကျော်နှင့် မီးသတ် ယာဉ် ၁၂ စီးကို အခင်းဖြစ်ပွားသည့်နေရာသို့ ချက်ချင်းစေလွှတ်ပြီး မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ကြောင်းသိရသည်။

ကူညီကယ်ဆယ်ရေးအဖွဲ့သည် မီးလောင်မှုအကျိုးအပဲ့များအောက်တွင် ပိတ်မိနေသောလူများကို ကယ်တင် နိုင်ရန်အတွက် စက်ကြီးကို အသုံးပြုပြီး လူ ၁၂ ဦးကို မီးလောင်မှုအကျိုးအပဲ့များအောက်မှ ကယ်ထုတ်နိုင်ခဲ့ ကြောင်းသိရသည်။ သို့သော် လူနှစ်ဦးသည် လက်ရှိအချိန်အထိ ပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့က ပြောကြား သည်။

အဆောက်အအုံထဲ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အဆောက်အအုံပြိုကျမှုဖြစ်ပွားကာ ပေါက်ကွဲမှုအရှိန် ကြောင့် အနီးအနားရှိ အဆောက်အအုံ ပြုတင်းပေါက်မှန်များကိုလည်း ရိုက်ခွဲခဲ့ကြောင်းသိရသည်။ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့သည် မီးလောင်မှုဖြစ်ပွားရခြင်း၏ အကြောင်းရင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် အမိန့် ထုတ်ပြန်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဂူဂျာရတ်ပြည်နယ်၏ ပြည်နယ်အုပ်ချုပ်ရေးမှူး ဗီဂျေးပူပါနီက မီးလောင်မှုကြောင့် သေဆုံး သူများအပေါ် ဝမ်းနည်းကြေကွဲမိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ တစ်ဆက်တည်းမှာပင် အိန္ဒိယဝန်ကြီး ချုပ်မိုဒီက မီးလောင်မှုကြောင့် အသက်ဆုံးရှုံးမှုအပေါ် ဝမ်းနည်းကြေကွဲမိကြောင်း ထုတ်ဖော်ပြောကြားပြီး ကျန်ရစ်သူမိသားစုများနှင့် အတူ ဝမ်းနည်းမိသလို ဒဏ်ရာရှိသူများအတွက် မြန်မြန်သက်သာရန်လည်း ဆုမွန် ကောင်း တောင်းပေးကြောင်းဖြင့် လူမှုမီဒီယာတွင် ဖော်ပြထားသည်။ မီးလောင်မှုဒဏ်ခံခဲ့ရသောမိသားစုများ အတွက် လိုအပ်သောအကူအညီများ ပံ့ပိုးပေးရန် ဒေသဆိုင်ရာအာဏာပိုင်များကိုလည်း ညွှန်ကြားထား ကြောင်း ၎င်းက လူမှုမီဒီယာတွင် ထပ်မံဖော်ပြထားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ