အိန္ဒိယ၌ တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၈၇၆၁ ဦးဖြင့် ရောဂါပိုးကူးစက်ခံရသူအများဆုံး ကမ္ဘာ့စံချိန်တင်

နယူးဒေလီ ၃၁  ဩဂုတ်

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၈၇၆၁ ဦး ထပ်မံစစ်ဆေး တွေ့ရှိခဲ့ကြောင်း အိန္ဒိယအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့ရာ ယင်းကူးစက်ခံရသူ ဦးရေ၏ ပမာဏသည် တစ်ရက်တာအတွင်း ရောဂါပိုးကူးစက်ခံရသူဦးရေ အများဆုံးရှိခဲ့သည့် အမေရိကန်အား ကျော်ဖြတ်သွားပြီး ကမ္ဘာ့အမြင့်ဆုံးစံချိန်ဖြစ်ကြောင်း အေအက်ဖ်ပီသတင်း၌ ဖော်ပြသည်။

လူဦးရေ သန်း ၁၃၀၀ ကျော်ရှိသည့် အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် အမေရိကန် ပြည်ထောင်စုနှင့် ဘရာဇီးနိုင်ငံတို့ပြီးလျှင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူဦးရေ တတိယအများဆုံးဖြစ်ပြီး နိုင်ငံတစ်ဝန်းတွင် ဗိုင်းရပ်စ် ပိုးကူးစက်ခံရသူ ဦးရေ ၃ ဒသမ ၅ သန်းကျော် ရှိသည်။

အိန္ဒိယနိုင်ငံတွင် ကိုရိုဗိုင်းရပ်စ်ကူးစက် ဖြစ်ပွားမှုကြောင့် သေဆုံးသူဦးရေမှာ ၆၃၀၀၀ ကျော်ရှိကြောင်း သိရသည်။ အမေရိကန် ပြည်ထောင်စုတွင် ၂၄ နာရီအတွင်း ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ဦးရေအမြင့်မားဆုံး နေ့မှာ ဇူလိုင် ၁၇ ရက်ဖြစ်ပြီး ယင်းနေ့တွင် လူဦးရေ ၇၇၆၃၈ ဦး ရောဂါပိုးကူးစက်ခံခဲ့ရ သည်ဟု အေအက်ဖ်ပီ သတင်းဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အိန္ဒိယနိုင်ငံတွင် စီးပွားရေးပြန်လည် ဦးမော့စေရေးအတွက် ယခုနှစ် မတ်လနှောင်းပိုင်းမှစ၍ အစိုးရက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရေးအတွက် ချမှတ်ထားသည့် တားမြစ်ချက်များအား ဖြေလျှော့မှုများ ပြုလုပ်ခဲ့ပြီးနောက် ရောဂါပိုးကူးစက်ပျံ့နှံ့ မှုများ မြင့်တက်လာခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပျံ့နှံ့ မြင့်တက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံ၌ ပိတ်ဆို့မှုများ စတင်ချမှတ်လုပ်ဆောင်ခဲ့စဉ်ကတည်းကပင် သန်းနှင့်ချီသော ပြည်သူများ၊ အထူးသဖြင့် ဆင်းရဲနွမ်းပါးသည့် ပြည်သူများအပေါ်ရိုက်ခတ်မှုများ ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့ရသည်။

ဘာသာပြန်-ဇော်ဝင်း

ကိုးကား-အေအက်ဖ်ပီ