အိန္ဒိယ၌ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရသူ ၅၈ ဦးရှိလာ

နယူးဒေလီ၊ ၅ ဇန်နဝါရီ

 

အိန္ဒိယနိုင်ငံတွင် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရသူ ၂၀ ထပ်မံတွေ့ရှိခဲ့ပြီးနောက် လက်ရှိအချိန်အထိ အဆိုပါရောဂါ ကူးစက်ခံရသူပေါင်း ၅၈ ဦး ရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ယနေ့ပြောကြားသည်။

 

နိုင်ငံ၏ အနောက်ဘက် မဟာရာ့ရှ်ထရာ ပြည်နယ် ပွန်းမြို့တွင် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၂၅ ဦးရှိပြီး အိန္ဒိယ၌ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုအများဆုံးဖြစ်သည်။ ထို့အတူ နယူးဒေလီတွင် ၁၉ ဦး၊ ကာနာတာကာပြည်နယ်၏ မြို့တော်ဘင်ဂါလူရူတွင် ၁၀ ဦး၊ တယ်လန်ဂါနာပြည်နယ်၏ မြို့တော်ဟိုက်ဒရာဘတ်တွင် သုံးဦး၊ အနောက်ဘင်္ဂလားပြည်နယ်၏ မြို့တော် ကိုလ်ကတ္တားမြို့တွင် တစ်ဦး စသည်ဖြင့် အသီးသီး ရောဂါသစ်ကူးစက်ခံရကြောင်း သိရသည်။

 

အိန္ဒိယအစိုးရသည် နိုင်ငံတစ်ဝန်းတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ဓာတ်ခွဲခန်းဆယ်ခု ဖွင့်လှစ်ထားပြီး အဆိုပါ လူများ၏ နမူနာကို ယင်းဓာတ်ခွဲခန်းများတွင် ဓာတ်ခွဲစမ်းသပ်ကာ ရောဂါပိုးတွေ့ရှိသည့် လူနာအားလုံးကို သက်ဆိုင်ရာပြည်နယ်အစိုးရများမှ သတ်မှတ်ထားသည့် ဆေးရုံများရှိ သီးသန့်အခန်းတစ်ခန်းထဲတွင် ထားရှိပြီး အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

 

ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ဗြိတိန်မှလာသော ခရီးသည်များတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့ပြီးနာက် ၎င်းတို့နှင့်အတူ လေယာဉ်ပေါ် လိုက်ပါလာသည့်ခရီးသည်များ၊ သက်ဆိုင်ရာ မိသားစုဝင်များနှင့် အခြားလူများတွင် ရောဂါစမ်းသပ်စစ်ဆေးမှုကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ်သည် ကမ္ဘာ့ပြည်သူများအကြား စိုးရိမ်ပူပန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားစေခဲ့သလို ကမ္ဘာတစ်ဝန်းတွင် ခရီးသွားလာမှု ကန့်သတ်ချက်များကိုလည်း ဖြစ်ပွားစေခဲ့သည်။

 

အိန္ဒိယအာဏာပိုင်များသည် ဗြိတိန်မှလာသော ခရီးသည်များတွင် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ် တွေ့ရှိခဲ့ပြီးနောက် ဗြိတိန်မှလာသော လေကြောင်းလိုင်းအားလုံးကို ပြီးခဲ့သည့်သီတင်းပတ်က ယာယီတားမြစ်ပိတ်ပင်ထားပြီး လေကြောင်းလိုင်း တားမြစ်ပိတ်ပင်မှုမတိုင်မီ သီတင်းပတ်လေးပတ်အတွင်း ဗြိတိန်မှ အိန္ဒိယသို့ရောက်ရှိသော ခရီးသည်အားလုံးကို သီးခြားစောင့်ကြည့်မှုခံယူကြရန် ညွှန်ကြားထားသည်။

 

သို့သော် အိန္ဒိယအစိုးရသည် အိန္ဒိယမှ ဗြိတိန်သို့ထွက်ခွာမည့် လေယာဉ်ခရီးစဉ်ကို ဇန်နဝါရီ ၆ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ဗြိတိန်မှ အိန္ဒိယသို့ လာသောလေကြောင်းလိုင်းများကို ဇန်နဝါရီ ၈ ရက်မှစ၍ ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ