အိန္ဒိယ၌ ကိုဗစ်-၁၉ ရောဂါကြောင့် ဆရာဝန် ၅၁၅ ဦး သေဆုံး

နယူးဒေလီ  ၃  အောက်တိုဘာ

အိန္ဒိယနိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှု စတင်သည့်အချိန် မှစပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်ရန် တာဝန်ထမ်းဆောင်နေသော အိန္ဒိယဆရာဝန် ၅၀၀ ကျော် သေဆုံးသွားပြီဖြစ်ကြောင်း အိန္ဒိယ ဆေးဘက်ဆိုင်ရာအသင်း က ယနေ့ပြောကြားသည်။

နိုင်ငံတော်နှင့် လူမျိုးအတွက် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရန် အသက်ပေးဆပ်ခဲ့သော အိန္ဒိယဆရာဝန် ၅၁၅ ဦးတို့ကို ဂုဏ်ပြုခဲ့ကြကြောင်း၊ ထို့အတူ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးနယ်ပယ်၌ အသက်ပေးဆပ်ခဲ့သော သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများကိုလည်း အလေးပြုခဲ့ကြကြောင်း အိန္ဒိယဆေးဘက်ဆိုင်ရာအသင်း က လူမှုမီဒီယာတွင် ဖော်ပြထားသည်။

ထို့အပြင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသွား သည့် အဆိုပါဆရာဝန်များနှင့် ၎င်းတို့၏ ဓာတ်ပုံများကိုလည်း လူမှုမီဒီယာများတွင် တင်ထားပြီး ၎င်းတို့ကို ကိုဗစ်အာဇာနည်သူရဲကောင်းများဟု ဖော်ပြထားကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ ဆရာဝန်များအနက် အသက် ၆၀ နှင့် ၇၀ အကြား ၂၀၁ ဦး၊ အသက် ၇၀ နှင့်အထက် ၆၆ ဦး၊ အသက် ၅၀ နှင့် ၆၀ အကြား ၁၇၁ ဦး၊ အသက် ၃၅ နှစ်နှင့် ၅၀ အကြား ၅၉ ဦးနှင့် အသက် ၃၅ နှစ်အောက် ၁၈ ဦးထက် မနည်းပါဝင်ကြောင်း အိန္ဒိယဆေးဘက်ဆိုင်ရာအသင်း၏ ဥက္ကဋ္ဌ ဒေါက်တာရာဂျန်ရှာမန်က ပြောကြားသည်။

အိန္ဒိယနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှင့် ဆက်လက်ရင်ဆိုင်ရလျက်ရှိရာ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၁၄၈၄ ဦး ထပ်မံ တွေ့ရှိခဲ့ခြင်းနှင့်အတူ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၆၃၉၄၀၆၈ ဦး ရှိလာခဲ့သည်။ ထို့အပြင် အိန္ဒိယ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ၁၀၉၅ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၉၉၇၇၃ ရှိလာကြောင်း သိရသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အိန္ဒိယနိုင်ငံသည် အမေရိကန်ပြည်ထောင်စုပြီးလျှင် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ အဆိုးဆုံးထိခိုက်သည့် နိုင်ငံဖြစ်လာခဲ့သည်။

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - ဂျေတီ