အိန္ဒိယ၌ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရသူ ခြောက်ဦးတွေ့ရှိ

နယူးဒေလီ၊ ၂၉ ဒီဇင်ဘာ

 

အိန္ဒိယနိုင်ငံတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရသူခြောက်ဦး တွေ့ရှိကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၉ ရက် (ယနေ့) အတည်ပြုပြောကြားသည်။

 

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသော အဆိုပါလူနာခြောက်ဦးအနက် သုံးဦးကို နိုင်ငံ၏ တောင်ဘက် ကာနာတာကာပြည်နယ်၏ မြို့တော်ဘင်ဂါလူရူမြို့ရှိ စိတ်ရောဂါနှင့် အာရုံကြောဆိုင်ရာ ဆေးကျောင်းတွင် စမ်းသပ်တွေ့ရှိပြီး ကျန်နှစ်ဦးကို နိုင်ငံ၏ တောင်ဘက် တယ်လန်ဂါနာပြည်နယ်၏ မြို့တော်ဟိုက်ဒရာဘတ်မြို့ရှိ ဆယ်လူလာနှင့် မော်လီဂျူးလ်ဇီဝဗေဒစင်တာတွင် တွေ့ရှိကာ ကျန်တစ်ဦးကို နိုင်ငံ၏အနောက်ဘက် မဟာရာ့ရှ် ထရာပြည်နယ် ပွန်းမြို့ရှိ အမျိုးသားရောဂါပိုးမွှားဗေဒဆိုင်ရာ ဆေးကျောင်းတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ လူနာအားလုံးသည် မကြာသေးမီက ဗြိတိန်နိုင်ငံမှ ပြန်လာသူများဖြစ်ကြပြီး ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အပေါင်းလက္ခဏာပြသခဲ့ပြီးနောက် သက်ဆိုင်ရာ ပြည်နယ်တာဝန်ရှိသူများက သတ်မှတ်ထားသည့် ဆေးရုံများရှိ သီးသန့်အခန်းများတွင် သီးခြားခွဲ၍ စောင့်ကြည့်မှုခံယူလျက်ရှိကြသည်။ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများသည် အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများကိုလည်း စောင့်ကြည့်ရေးစင်တာများသို့ ပို့ဆောင်ထားပြီး သီးခြားခွဲ၍ ထားရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ကြေညာချက်အရ သိရသည်။

 

ဗြိတိန်မှ လာသောခရီးသည် ခြောက်ဦးတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခဲ့ပြီးနာက် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက အဆိုပါ အတည်ပြုလူများနှင့် အတူလေယာဉ်ပေါ် လိုက်ပါလာသည့် ခရီးသည်များ၊ သက်ဆိုင်ရာမိသားစုဝင်များနှင့် အခြားလူများတွင် ရောဂါစမ်းသပ်စစ်ဆေးမှုကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း ကြေညာချက်အရ သိရသည်။

 

ကိုရိုနာဗိုင်းရပ်စ်သစ် တွေ့ရှိခဲ့ပြီးနောက် အိန္ဒိယဗဟိုအစိုးရအနေဖြင့် ရောဂါအခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး ပြည်နယ်တာဝန်ရှိသူများအား ရောဂါစောင့်ကြည့်မှု၊ ထိန်းချုပ်မှု၊ စမ်းသပ်မှုများကို အရှိန်မြှင့်လုပ်ဆောင်ကြရန် အကြံပြုထားသလို ရောဂါစမ်းသပ်ထားသည့် နမူနာများကိုလည်း အမျိုးသားဓာတ်ခွဲခန်းများသို့ အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်ပေးရန် တိုက်တွန်းထားကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ    

 ဘာသာပြန် - ဂျေတီ