အိန္ဒိယ ဒေလီတွင် ဓါတ်ငွေ့အိုးပေါက်ကွဲမှုကြောင့် အဆောက်အဦး ပြိုကျ ၇ ဦးသေဆုံး

၄ ဇန်နဝါရီ

အိန္ဒိယ နိုင်ငံ ဒေလီ မြို့တွင် ယမန်နေ့ ည နှောင်းပိုင်းက  ဓာတ်ငွေ့အိုး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အဆောက်အဦး တစ်လုံးပြိုကျကာ လူ ၇ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်တွင်း မီဒီယာက သတင်းဖော်ပြထားသည်။

ဒေလီမြို့ ဆူဒါချန် ပန်းခြံ အနောက်ပိုင်းရှိ အဆောက်အဦး တစ်လုံးတွင်  လူအချို့  မျက်နှာကျက် ပန်ကာများ ပြင်ဆင်နေချိန်တွင် ထိုအဆောက်အဦးအတွင်း ဓါတ်ငွေ့အိုး ရုတ်တရက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် အဆောက်အဦး ပြိုကျကာ  အလုပ်လုပ်နေသူများ ယင်းအဆောက်အဦး အတွင်း ပိတ်မိနေခဲ့ကြသည်။

အဆိုပါ ဓာတ်ငွေ့အိုး ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ ၁၅ ဦးခန့်ကို ကယ်ဆယ်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။  ၎င်းတို့အနက် ၇ ဦးသေဆုံးပြီး ဒဏ်ရာပြင်းထန်သူ ၈ ဦးကို ဒေလီမြို့တောင်ပိုင်းရှိ ဆပ်ဒါဂျွန် ဆေးရုံသို့  ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

ထိုအဆောက်အဦး အပျက်အစီးများအောက်တွင် လူအချို့ ပိတ်မိနေသည်ဟု ယူဆရကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်သည်။

ယင်း အဆောက်အဦး ပိုင်ရှင်ကို တရားစွဲဆိုထားသည် ဟု တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို မီဒီယာ က ကိုးကားဖော်ပြထားသည်။

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို